(က)-ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာအနောက်ဘက် မြေ ဧရိယာ ၂၈၅ ဧကကျယ်ဝန်းသော ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေးစခန်းကို ကမ္ဘာ့ကုလ သမဂ္ဂရန်ပုံငွေ ၈.၅ သိန်းဖြင့် ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ၁၉၈၃ ခုနှစ်မှစ၍ မူးယစ် ဆေးဝါးသုံးစွဲသူ ပြန်လည်ထူထောင်ရေး သင်တန်းအပါတ်စဉ်(၁)ကို လူဦးရေ ၂၀ ဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၈၃ မှ ၂၀၀၅ ခုနှစ် အထိ သင်တန်းအပါတ်စဉ်ပေါင်း ၂၈ ခု၊ မူးယစ် ဆေးစွဲလူနာ ၄၂၇ ဦးအား ဆေးဖြတ် ပြီး ပြန်လည် ထူထောင်နိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေး စခန်းအတွင်း လိုအပ်သော အဆောက်အအုံများကိုလည်း ပြည့်ပြည့်စုံစုံ တည်ဆောက် ထားပြီး ဖြစ်ပါ ကြောင်း၊
ရွှေပြည်အေးလူငယ်ပြုစုပျိုးထောင်ရေးစခန်းကို ၂၉-၁၂-၂၀၀၅ ခုနှစ်မှစ၍ ယနေ့အထိ ပြန်လည်ထူထောင်ရေးသင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ မိမိတို့ဒေသတွင် အကြောင်းမသိ၍ မူးယစ်ဆေးဝါး သားကောင်ဖြစ်ရသူများ အတွက် မူးယစ်ဆေးစွဲသုံးစွဲ မှုပြစေရန်နှင့် ပြန်လည်ထူထောင်ပေးနိုင်ရန် အထူးလိုအပ်နေပါကြောင်း၊ ထို့ကြောင့် ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ ပြန်လည်ဖွင့် လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဖွင့်လှစ်နိုင်ပေးမည်နှင့် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။