(ခ)-မကွေးတိုင်းဒေသကြီး၊ကျောက်ထုမြို့အားမြို့နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်း သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျောက်ထုမြို့သည် ဆောမြို့မှမြောက်ဘက် ၂၅ မိုင်အကွာတွင် တည်ရှိပြီး ပြည်ထဲရေး ဝန်ကြီး ဌာန ၆-၅-၂၀၀၄ ရက်စွဲပါစာအမှတ်၊ ၁၀၀/၂၂-၃၆၆/ဦး-၁ ဖြင့် ပေးပို့သည့် အမိန့် ကြော်ငြာစာအရ ကျောက်ထုကျေးရွာ၊ ကွန်ပိုကျေးရွာ၊ နတ်ရဲကျေးရွာတို့အား စုစည်း၍ ကျောက်ထုမြို့နယ်ခွဲအဖြစ် ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ပေါင်း ၄၃ ရွာဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၂-၆-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ စာ (၆၁၁/၂၀၁၄) ဖြင့် မြို့နယ်ခွဲ စကားရပ်အား ပယ်ဖျက်ခဲ့သည့်အတွက် မြို့အဖြစ်ဖွဲ့စည်း ထားရှိပါကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ ၂၁ ဌာနဖြင့် ဒေသ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၅၀ ခုနှစ်တွင် ကျောက်ထု လေယာဉ်ကွင်း ကိုတည်ဆောက်ခဲ့ရာ ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်မြို့၊ မတူပီမြို့၊ ကန်ပက်လက်မြို့နှင့် ဆောမြို့နယ်တို့ရှိ ပြည်သူများလေကြောင်းဖြင့် သွားလာနိုင်သည့် လေဆိပ်ဖြစ်ခဲ့ပါကြောင်း၊ မန္တလေး-ပခုက္ကူ-ပေါက်-ကျောက်ထု-ကန်ကြီး-မင်းတပ်-ကန်ပက် လက်မြို့ ကားလမ်း၊ ငဖဲ-စေတု တ္တရာ-ဆော-ကျောက်ထ-ထီးလင်း-ဂန့်ဂေါ-ကလေးမြို့တို့ နှင့် ခရိုင်ချင်းဆက် ကားလမ်းများ ဖောက်လုပ်ခဲ့ရာ ကူးသန်း သွားလာမှု အချက် အချာကျသည့် မြို့ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ ၎င်းကို မြို့နယ်အဖြစ် သတ်မှတ် ပေးပါက ဂန့်ဂေါခရိုင် အတွင်း လေးမြို့နယ်ဖြစ်လာ မည် ဖြစ် ပါကြောင်း၊ ကျောက် ထုမြို့အား ကျောက်ထုမြို့နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်း သတ် မှတ်ပေးနိုင် ခြင်းရှိ/မရှိ၊ မည်သည့်နှစ်တွင် မြို့နယ် အဆင့်တိုးမြှင့် သတ်မှတ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။