(က)-မြေယာဥပဒေကိုပြောင်ပြောင်တင်းတင်းဆန့် ကျင်ဖောက်ဖျက်ပြီးမိမိကိုယ်ကျိုးစီးပွားတစ်ခုတည်း အတွက်သာ ဆောင်ရွက်နေခြင်းများ ရှေ့ဆက်ပြီး မပေါ်ပေါက်စေရေးအတွက်မည်သို့စီစဉ်ညွှန်ကြား မှုများပြုလုပ်ထားကြောင်းသိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ဈ) အရ လယ်ယာမြေကို လယ်ယာစိုက်ပျိုးခြင်း မပြုလုပ်ဘဲ ချန်ထားမည်ဆိုပါက ခိုင်လုံသည့် အထောက်အထားများနှင့် သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာလျှင် ထားရှိရမည်ဆိုသည်မှာ ဥပဒေပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ထို့အတူ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) တွင်လည်း လယ်ယာမြေကို အခြားနည်းဖြင့် သုံးမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်း၏ အဆင့်ဆင့်ခွင့်ပြုချက်ကို ရယူပြီးမှ အခြားနည်းဖြင့် သုံးလို့ရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၏ ကားလမ်းနှင့် ရထားလမ်းဝဲယာ ဘေးပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် ပိုက်ဆံရှိသည့်သူများမှ မြေများကို ကိုယ်စားလှယ်များဖြင့်ဝယ်ယူပြီး သက်ဆိုင်ရာကျေးရွာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းဌာနမှ ဝန်ထမ်းများက ပွဲစားလုပ်ပြီး အရောင်းအဝယ်များ ပြုလုပ်ပေးပါကြောင်း၊ ယခုလို ပြုလုပ်ပေးသည့်အခါတွင် ၎င်းမြေများအပေါ် ခြံခတ်ခြင်း၊ ကန်တူးခြင်းနှင့် မြေကြီးဖို့ခြင်း များဆောင်ရွက်ပြီးစီးပါက ၎င်း မြေများကို အရောင်းအဝယ် အဆင့်ဆင့်ပြန်လုပ်ပြီး မြေကို တန်ဖိုးသင့် မြေ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးမှ တာဝန်ရှိ သည့် ပုဂ္ဂိုလ်များမှ လျစ်လျူရှုထားသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ကိုယ်တိုင် မြေယာဥပဒေကို ဆန့်ကျင်ပြီး ပြုလုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် လည်း ယနေ့အထိ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ထားခြင်း မရှိပါကြောင်း၊ မိမိတို့ နိုင်ငံများစွာအတွက် လယ်ယာမြေ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လာနိုင်သည့်အတွက် သက်ဆိုင်ရာ ဌာနများမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားရှိ ပါသနည်း နှင့် မည်ကဲ့သို့ တားဆီးမည်နည်းဆိုသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။