(ဃ)-ဖားဆောင်းမြို့နယ်ရှိ(၂၅)ခုတင် ဆံ့ဆောက် လက်စဆေးရုံအဆောက်အဦအား(၂၀၁၆- ၁၇) ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့်ရာနှုန်းပြည့်ပြီး စီးအောင်ဆက်လက်ဆောက်လုပ်နိုင်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ဖားဆောင်းမြို့နယ်တွင် လူဦးရေ ၁၈၁၆၁ ဦးရှိပြီး မြို့ပေါ်နေလူဦးရေ ၂၇၆၈ ဦးနှင့် ကျေးလက် နေလူဦးရေ ၁၅၈၃၉၃ ဦး ဖြစ်ပါကြောင်း၊ ကုသရေးအနေဖြင့် ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ တစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှစ်ခုနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာန တစ်ခု ရှိပါကြောင်း၊ ဖားဆောင်းမြို့နယ်ရှိ ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံကို ၁၉၆၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ယခုဆိုရင် နှစ်ပေါင်း ၄၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ဟောင်းနွမ်းပျက်စီးလျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဆေးရုံ အဆောက်အဦးသစ်ဆောက်လုပ်ရန် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေချထားပေးခဲ့ရာ ၂၈-၁၂-၂၀၁၄ ရက် တွင် ဆေးရုံအဆောက်အဦစတင်ဆောက်လုပ်ခဲ့သော်လည်း အဆိုပါချထားရန်ပုံငွေ မလုံလောက်မှု ကြောင့် အဆောက်အဦ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ဆောက်လုပ်ပြီးစီးခဲ့ရပါကြောင်းနှင့် ဆက်လက်၍ ရန်ပုံငွေဆက် လက်ချထားပေးခြင်းမရှိသဖြင့် ၁၅-၅-၂၀၁၅ ရက်မှစ၍ ဆောက်လုပ်ဆဲဆေးရုံအား လုပ်ငန်းရပ်နားထားရပါကြောင်း၊ ဆက်လက်၍ ဆေးရုံပင်မဆောင်၊ ခွဲစိတ်ဆောင်၊ မီးဖွားဆောင်နှင့် အမျိုးသမီးလူနာဆောင်တို့ကို ဆောက်လုပ်ရန်လိုအပ်ကြောင်းကို ၂၉-၈-၂၀၁၅ ရက်တွင် ပြည်နယ် ကုသရေးဦးစီးဌာနသို့ တင်ပြခဲ့သော်လည်း ရန်ပုံငွေချထား ခြင်းမရှိသေးသဖြင့် ၂၂-၇-၂၀၁၆ ရက်တွင် ဆေးရုံအသစ်ဆောက်လုပ်ရန် လိုအပ်ကြောင်း ပြည်နယ် ကုသရေးဦးစီးဌာနသို့ ထပ်မံတင်ပြခဲ့ ပါကြောင်း၊ ထို့အပြင် အဆိုပါဆေးရုံပင်မဆောင်အပါအဝင်မဖြစ် မနေလိုအပ်နေသေးသည့် အဆောင် များ ဆက်လက်ဆောက်လုပ်နိုင်ရန် ကယားပြည်နယ်ကုသရေး စီးဦးဌာနသို့လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေချထားခွဲဝေပေးနိုင်ရန် ၂၇-၇-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၁၀၄၆/၂၀၁၆ ကုသ(ဆလရ)ဖြင့် ညွှန်ကြားရေးမှူးချုပ် ကုသရေးဦးစီးဌာန နေပြည်တော်သို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါကြောင်း၊ ထို့အပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ချထားပြီးပါက ဆေးရုံအဆောက်အဦဟောင်းအား ဖျက်သိမ်းခွင့်ပြုနိုင်ပါရန်လည်း အစီရင်ခံစာ တင်ပြထားပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဖားဆောင်းမြို့ရှိ ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံ ဆောက်လက်စအဆောက်အဦအား ရာနှုန်းပြည့်ပြီးစီးအောင် ဆောက်လုပ်နိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ရန်ပုံငွေဖြင့်အပြီး ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။