(ဃ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိနမ့်ပန်းငါးချောင်း အားသုံးပြု၍အသေးစားရေအားလျှပ်စစ်ထုတ်သော စက်ရုံအား၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အမျိုးသား စီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်း ရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u myo nyuntဟုမ္မလင်း မြို့ပေါ်တွင် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှု လုပ်ငန်းမှ မီးပေးပါကြောင်း၊ တစ်ယူနစ်ကို ၃၇၀ ကျပ် နှင့် ၄၀၀ ကျပ်ကြားတွင်ကျသင့်ပါကြောင်း၊ နယ်ကျေးလက်များတွင် ဆိုလာပြား၊ ဆိုလာမီးသီး၊ ကိုယ့်အားကိုယ်ကိုး မီးစက်များကို အသုံးပြုပြီး မီးလင်းနေရပါကြောင်း၊ ထို့ကြောင်‌့ မိမိတို့ ဟုမ္မလင်းမြို့နယ် ပြည်သူများအနေဖြင့် ရေအားလျှပ်စစ်ကိုရရှိလိုကြပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဟုမ္မလင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဌာန၏ ကြီးကြပ်မှုဖြင့် ဟုမ္မလင်းမြို့နယ် နားပြိုက်ကျေးရွာအနီးရှိ နမ်‌့ပန်းငါးချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ် ရရှိနိုင်မှုအခြေအနေအား စူးစမ်းလေ့လာတိုင်းတာရာ ဟုမ္မလင်း မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် Myanmar Hydropower Development Co.,Ltd. သည် ၁၂-၁၂-၂၀၁၄ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နမ့်ပန်းငါးချောင်း ရေအားလျှပ်စစ် စူးစမ်းတိုင်းတာလေ့လာခြင်း အစီအစဉ်၏ အစီရင်ခံစာကိုလည်း မေးခွန်းနှင့်အတူ တစ်ပါတည်းပူးတွဲ တင်ပြထားရှိပါကြောင်း၊ အစီရင်ခံစာအရ လျှပ်စစ်အားသည် ၃.၅ မဂ္ဂါဝပ်ထွက်ရှိမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ ဟုမ္မလင်းမြို့နယ်နှင့်တကွ အနီးရှိကျေးရွာအုပ်စု ခြောက်အုပ်စု၊ အိမ်ထောင်စုပေါင်း ၆၀၇၁ စုကို မီးလင်းနိုင်မည်ဟုလည်း ဖော်ပြထားရှိပါကြောင်း၊ ထို့အတွက်ကြောင့် မိမိမေးလိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟမ္မလင်းမြို့နယ်ရှိ နမ့်ပန်းငါး ချောင်းအားအသုံးပြု၍ အသေးစားရေအားလျှပ်စစ် စက်ရုံအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်  အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါကမည်သည့် အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။