(င) - မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်း အကောင် အ ထည်ဖော်ရေးအဖွဲ့များကိုပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေနှင့်အညီ ပြန်လည် ဖွဲ့စည်းရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

myint theinပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ အခန်း (၅) ပုဒ်မ ၈ ပုဒ်မခွဲ (က) အရ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကို ဖွဲ့စည်းရာတွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌသည် အဖွဲ့ဝင်တစ်ဦးအဖြစ်နှင့် ပါရှိနေပါကြောင်း၊ ပုဒ်မ ၉ ပုဒ်မခွဲ (င) တွင်လည်း မြို့နယ်ဖွံ့ဖြိုးရေး၊ အကောင်အထည်ဖော်ရေးအဖွဲ့သည် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း အလိုက် လုပ်ဆောင်မည့်ဌာန သို့မဟုတ် အဖွဲ့အစည်းများကို လုပ်ငန်းအပ်နှံခြင်းဟု ဖော်ပြထားရှိပါကြောင်း၊

ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီ၏ ၂-၁၀-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၉၂/၂၀၁၄) ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှ အခန်း(၄) မြို့နယ်အကောင်အထည်ဖော်ရေး အဖွဲ့များ၏ လုပ်ငန်းတာဝန်များအခန်း၊ လုပ်ထုံးလုပ်နည်းအမှတ် ၅ (ဂ) တွင် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများအား တာဝန်ယူဆောင်ရွက်စေခြင်း၊ လုပ်ထုံးလုပ်နည်းအမှတ် ၅ (က) တွင် ဥပဒေအရ အကောင်အထည်ဖော်သည့် လုပ်ငန်းများ မှန်ကန်ထိရောက်မှု ရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ခွင့်ပြုတာဝန် ပေးအပ်ခြင်းဟု ဖော်ပြပါရှိပါကြောင်း၊

အခန်း (၅) ငွေထုတ်ယူသုံးစွဲခြင်းအခန်း၊ လုပ်ထုံးလုပ်နည်းအမှတ် (၇) တွင်  မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့သည် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု ကော်မတီ၏ တာဝန်ခံတင်ပြချက်အရ လိုအပ်သောငွေကို ကြိုတင်၍ စိစစ်ထုတ်ပေးနိုင်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း အမှတ် (၈) တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးသည် သက်ဆိုင်ရာရပ်/ ကျေး ဖွံ့ထောက်ကော်မတီ၏ လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတင်ပြချက်နှင့် ငွေလက်ခံရရှိကြောင်းအထောက် အထားများကို မြို့နယ်ဖွံ့ထောက်ကော်မတီ၏ ထောက်ခံချက်ဖြင့် ရယူထားရှိရမည်ဟု ဖော်ပြပါရှိပါကြောင်း၊

နိုင်ငံတော်သမ္မတရုံး၏ ၁၀-၆-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာအမှတ် (၃၇/၂၀၁၆) အရ ယခင်နိုင်ငံတော် သမ္မတရုံး၏ ၂၆-၂-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၃) ဖြင့် တာဝန်ပေးအပ်ခဲ့သည့် မြို့နယ်နှင့်ရပ်/ကျေး ဖွံ့ဖြိုးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရန်တာဝန်ပေးခြင်းကို ဖျက်သိမ်းပြီးဖြစ်ပါကြောင်း၊ ယခုလိုဖျက်သိမ်းပြီး ဖြစ်သည့်အတွက်ကြောင့် လောလောဆယ်တွင် ကုမ္ပဏီများ လစ်လပ်နေပါကြောင်း၊ လစ်လပ်နေသည့်အတွက် ချန်လှပ်ပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များဖွဲ့စည်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့် မညီမညွတ်ဖြစ်နေပါကြောင်း၊

ပြည်သူများ၏ မျှောင်လင့်တောင့်တသည့် လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ရန်ဆိုသည်မှာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေနှင့်အညီ ဖွဲ့စည်းနိုင်ရန်လိုအပ်နေပါ ကြောင်း၊ ထိုအဖွဲ့ကို ဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်ရန်ဆိုသည်မှာလည်း ဖျက်သိမ်းထားပြီးဖြစ်သည့် လစ်လပ်သည့် ဖွံ့ထောက်ကော်မတီများ၏ နေရာတွင် မြို့နယ်နှင့်ရပ်/ကျေး ဖွံ့ထောက်ကော်မတီ အသစ်များကို ရှေးဦးစွာ ဖွဲ့စည်းတာဝန်ပေးရန် လိုအပ်နေပါကြောင်း၊

သို့ဖြစ်ပါ၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ထားရှိမှု အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက ယင်းအဖွဲ့များဖွဲ့စည်းရန် မည်သို့ဆောင်ရွက်ရမည်။ မရှိပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။