(ဆ)- ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာအား နယ်နိမိတ်ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စကို ပြန် လည်စိစစ်ပေးရန်နှင့်သတ်မှတ်ရွာမြေကိုမြေစာရင်း ပုံစံ(၁၀၅)နှင့်ကျေးရွာပိုင်ဧရိယာသတ်မှတ်ကျောက် တိုင် စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

aung naing၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်မှအစပြု၍ သပိတ်ကျင်းမြို့နယ် တောင်ဘက်ပိုင်း သစ်တောကြိုးဝိုင်းအတွင်း ရွှေ၊ သတ္တုတူးဖော်တွေ့ရှိရာမှအစပြု၍ ရွှေတောဟု အမည်တွင်လာပြီး ဒေသအနှံ့မှ ရောက်ရှိလာကြကာ ကြိုးဝိုင်းအတွင်း ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်လာကြရာမှ လက်ရှိကျေးရွာအများအဖြစ် ပေါ်ထွန်းလာပါကြောင်း၊ သစ်တောကြိုးဝိုင်းအတွင်း ပြည်ထဲရေး အမည်မပေါက်သေးသည့် ကျေးရွာများ အမည်ပေါက်ရရှိရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာကို ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးအုပ်စုနှင့် ကျေးရွာပေါင်း ၂၄ ရွာကို တိုးချဲ့ပြင်ဆင်ပြီး ဖွဲ့စည်းလိုက်ရာ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာ ၂ ရွာသည် ပြည်ထဲရေးအမည်ပေါက်ကျေးရွာများအဖြစ် ပါဝင်လာပါကြောင်း၊ ထိုကျေးရွာ ၂ ရွာသည် ကပ်လျက်တစ်ဆက်တည်း တည်ရှိသည့်ရွာများဖြစ်ကြပြီး ရွာ၏ပတ်ဝန်းကျင်တွင် ရွှေ၊ သတ္တုတူးဖော်သည့် ကုမ္ပဏီများ အများအပြားတည်ရှိပါကြောင်း၊ ကျေးရွာနှစ်ရွာသည် ကျေးရွာ မြေပုံကြမ်းရှိသော်လည်း မြေစာရင်းပုံစံ(၁၀၅)နှင့်တကွ ကျေးရွာပိုင်ဧရိယာ သတ်မှတ်ကျောက်တိုင် စိုက်ထူထားခြင်း ယနေ့အထိ မရှိသည့်အတွက် ကျေးရွာပတ်ဝန်းကျင်ရှိ ရွှေ၊ သတ္တုတူးဖော်သည့် ကုမ္ပဏီများနှင့် ဒေသခံကျေးရွာသူ ကျေးရွာသားများအကြား ရွာမြေဧရိယာသည် မည်သည်ဖြစ်သည်၊ ရွှေလုပ်ကွက်သည် မည်သည်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသည့်အပေါ် အကြောင်းပြုပြီး အငြင်းပွားရာမှ ထိပ်တိုက်တွေ့ဆုံ ပဋိပက္ခဖြစ်မှုများ မကြာခဏ ဖြစ်ပေါ်ကြပါကြောင်း၊

ရွာမြေ၊ ရွှေသတ္တုလုပ်ကွက်၊ သစ်တောမြေ စသည်ဖြင့် ကွဲကွဲပြားပြားဖြစ်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာများမှ စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သို့မှသာ အနာဂတ်တွင် ရွှေတောနယ်မြေ၌ မကြာခဏဖြစ်ပေါ်တတ်သော မြေပိုင်ဆိုင်မှုအငြင်းပွားရာမှ ရွာခံနှင့် ကုမ္ပဏီ ထိပ်တိုက် တွေ့ဆုံသည့် ပြဿနာများကို ကြိုတင်ကာကွယ် တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက် ၂၀၁၄-၁၅ ခုနှစ်တွင် မူလရှိနှင့်ပြီးဖြစ်သော ၂၀၁၁ ခုနှစ် ပြည်ထဲရေး အမည်ပေါက်ပြီးသည့် ကျေးရွာမြေဧရိယာ တော်တော်များများကို သတ္တုလက်ကွက်နှင့် သစ်တောမြေနှင့် မလွတ်ကင်းဟုဆိုကာ ပယ်ဖျက်ပြီး ဒေသခံပြည်သူလူထု၏ သဘောထားကို မတောင်းခံဘဲ ကျေးရွာမြေဧရိယာကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၄)နှင့် (၃၈/၂၀၁၅) မှတ်တမ်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောတူကြောင်း ထောက်ခံချက်အရ ဝက်သေကျေးရွာမြေအား မူလ ၁၅၅.၃၆ ဧကထဲမှ ၇၂.၀၅ ဧကကိုပယ်ဖျက်၍ ၉၃.၄၉ ကို အစားထိုးပေးခဲ့ပါကြောင်း၊ ထို့အတူ ဖက်ရှည်ကျေးရွာမြေကိုလည်း မူလ ၁၅၃.၂၆ ဧကထဲမှ ၄၆.၈၉ ဧကကို ပယ်ဖျက်ပြီး ၇၉.၈၃ ဧကကို အစားထိုးပေးခဲ့ပါကြောင်း၊ ထိုကျေးရွာများသည် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်စီရှိပြီး လူဦးရေပေါင်း ၄၀၀၀ ကျော်ခန့် နေထိုင်ကြသည့်အတွက် လူဦးရေ တိုးပွားလာမှုနှင့်အတူ အိမ်ပူးအိမ်ကပ်များ၊ နေရာများပါ လိုအပ်လာပါကြောင်း၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင်‌့ကလေး၊ နာရေးကူညီမှုစတဲ့ လူမှုရေးအသင်းအဖွဲ့များအတွက်လည်း နေရာအဆောက်အဦ အခက်အခဲများ တွေ့လာရပါကြောင်း၊ အစားထိုးပေးသော မြေဧရိယာသည် ကိန်းဂဏန်းအားဖြင့် ကျယ်ဝန်းလာသည်ဟု ထင်ရသော်လည်း အမှန်တကယ် လူနေထိုင်၍ မရနိုင်သော မတ်စောက်သည့်ချောက်များ ဖြစ်နေခြင်း၊ ဖယ်ရှားပေးရမည့်ဧရိယာအတွင်း ကျေးရွာဒေသခံနေအိမ် အများအပြားရှိနေခြင်း၊ လုပ်ကွက်သည် လူနေရပ်ကွက်များနှင့် နီးကပ်လွန်းခြင်း စသည့်ပြဿနားများစွာ တွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာအား နယ်နိမိတ်ဧရိယာ ပြင်ဆင် ဖွဲ့စည်းခြင်းကိစ္စကို ပြန်လည်စိစစ်ပေးရန်နှင့် သတ်မှတ်ရွာမြေကို မြေစာရင်းပုံစံ (၁၀၅) နှင့်တကွ ကျေးရွာပိုင်ဧရိယာ သတ်မှတ်ကျောက်တိုင်စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။