(ဂ)-မတူပီမြို့နယ်တွင်တာဝါတိုင်တည်ဆောက်ပြီး GSM ဖုန်းလိုင်းများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မတူပီမြို့နယ်တွင် မတူပီမြို့အပြင် ရေဇွာမြို့နှင့် လိုင်လင်းပီမြို့ဟူ၍ မြို့နှစ်မြို့ရှိပါကြောင်း၊ အဆိုပါမြို့နယ်တွင် မတူပီမြို့နယ်အတွင်း မြို့အချင်းချင်းဆက်သွယ်ရမည့် ဆက်သွယ်ရေး ပစ္စည်းအဖြစ် အော်တို အိတ် ချိန်းကို ယခင်က ထားရှိခဲ့သော်လည်း ပြီးခဲ့သည့် မေလတွင် အစိုးရက ပြန်ဖြုတ်သိမ်းခဲ့ပါကြောင်း၊
၂၀၁၃-၂၀၁၄ ခုနှစ်တွင် သစ်တပ်မှ CDMA တာဝါတိုင်ထောင်ပြီး ဖုန်းလိုင်းဆက်သွယ်ရာတွင် လည်း မတူပီမြို့တစ်ခုသာရှိ၍ ကျန်မြို့များကို ဆက်သွယ်၍ မရပါကြောင်း၊ ၂၀၁၃ ခုနှစ်ခန့်ကပင် မတူပီမြို့တွင် ဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် တာဝါတိုင်စိုက်ရန် လျထားမှုများ ရှိသည့်အပြင် တာဝါတိုင် လျာထားမှုများရှိသည့်အပြင် အဆောက်အအုံများလည်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ပွိုင့်(၈၅၀၉) မင်းတပ်-မတူပီ ကားလမ်း ၂၄ မိုင် ၆ ဖာလုံ၊ ပွိုင့်(၇၉၂၅)မင်းတပ်-မတူပီကားလမ်း ၇၄ မိုင် လေရှီးရွာ၊ ပွိုင့် (၄၃၂၄) မတူပီမြို့နယ်၊ လောင်ဗန်း ရပ်ကွက်၊ ပွိုင့်(၆၂၀၂) မတူပီ-ဟားခါးလမ်း ၁၀၅ မိုင် ၆ ဖာလုံ ဖနွိုင်းတောင်၊ ပွိုင့်(၆၅၀၈) ရေဇွာ မြို့မှ သုံးမိုင်ကွာဝေးသည့်နေရာများတွင် တာဝါ တိုင်များ လျာထား၍ စက်မှုအဆောက်အအုံများလည်း တည်ဆောက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ တိန်ဆီး ရွာ၊ အော်သရောတောင် ပွိုင့်အမှတ် (၈၉၆၁) တို့တွင် စက်မှုအဆောက်အအုံဆောက်ရန်အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်က ဘတ်ဂျက်သန်းပေါင်း ၅၈.၅ သန်း ချပေးပြီးဖြစ်သော်လည်း ကုမ္ပဏီက ဆောင်ရွက်နိုင်ခြင်းမရှိ၍ ဘတ်ဂျက်ပြန် အမ်းသည်ဟု သိရှိရပါကြောင်း၊
ယနေ့အထိ မတူပီမြို့နယ်တွင် အင်တာနက်လိုင်းများ သုံးစွဲနိုင်ခြင်းမရှိခြင်း၊ ဖုန်းလိုင်းများ ကောင်းမွန်မှုမရှိခြင်း၊ မြို့အချင်းချင်းဆက်သွယ်သည့် အော်တိုအိတ်ချိန်းကို ဖြုတ်သိမ်းထားခြင်းကြောင့် ဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေ ရပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် မတူပီမြို့နယ်တွင် အင်တာနက်လိုင်းရနိုင်ရန်နှင့် GSM ဖုန်းလိုင်းများ ရရှိနိုင်ရန် တို့အတွက် အထက်ပါပွိုင့်အမှတ်များတွင် လျာထားသည့်အတိုင်း တာဝါတိုင်များကို အမြန်ဆုံး တည်ဆောက်ပေးနိုင်ရန်နှင့် အဆိုပါ တာဝါတိုင်များကို အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။