(ဆ)-သံဖြူဇရပ်မြို့နယ်၊ကျုံကဒတ်ကျေးရွာတွင်ပုံစံ (၇)ရလယ်သမား(၁၃၂)ဦးလယ်မြေဧက(၁၇၆၈) ရှိပြီး စိုက်ပျိုးစရိတ်ချေးငွေ (၁၄၁၉) သိန်း ကျပ်မ ထုတ်ပေးနိုင်မှုအပေါ် မည်သို့စီမံဆောင်ရွက်မည် ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျုံကဒတ်ကျေးရွာတွင် တောင်သူလယ်သမားများက ပုံစံ(၇) ရရှိပြီးဖြစ်ပါကြောင်း၊ ဦးရေ ၁၃၂ ဦးရှိပြီး လယ်မြေဧက ၁၇၆၈ ဧက ရှိပြီး စိုက်ပျိုးရေးဘဏ်စာရင်းအရ စိုက်ပျိုးစရိတ်ချေးငွေလည်း သိန်းပေါင်း ၁၄၁၉ သိန်း ရရန် ရှိပါကြောင်း၊ စာရင်းဇယားလျှောက်လွှာကို မြို့နယ်စိုက်ပျိုးရေးဘဏ်ကို ၁၃-၆-၂၀၁၆ ရက်နေ့ အရောက် ပို့ခဲ့ပြီဖြစ်သော်လည်း ကျုံကဒတ်ကျေးရွာ၏ လယ်ထွန်ကာလက စိုက်ပျိုး ကာလ ပြီးသွား သည့်အချိန်အထိ စိုက်ပျိုးစရိတ် မရရှိသေးဟု တင်ပြလာပါကြောင်း၊ ယခုမေးခွန်းမေးရန် စီစဉ်ခဲ့သည့် ၃-၇-၂၀၁၆ ရက်နေ့အထိ ထုတ်မပေးနိုင်သေးပါကြောင်း၊ သြဂုတ်လ ၁၀ ရက်နေ့မှ ထုတ်ပေး သွား ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေကို ခါတိုင်းပေးနေသည့် တစ်သိန်းအပြင် ငါးသောင်းတိုးပြီး တစ်သိန်းခွဲပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်ကြီးတွင် အတည်ပြုစဉ် ကာလက ပြည်ထောင်စု စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး၏ လယ်သမားများအပေါ် ထားသည့်စေတနာကို မိမိတို့ တွေ့ရှိပြီးဖြစ်ပါကြောင်း၊
စိုက်ပျိုးစရိတ်ချေးငွေသည် ယခုနှစ်မှ ပေးသည်မဟုတ်ဘဲ ရှေးနှစ်ပေါင်းများစွာက ပေးရိုးပေးစဉ် ပေးနေကြ လုပ်ငန်းဖြစ်သည့်အတွက် လုပ်ငန်းအပေါ် ဆောင်ရွက်နေသည့်ဌာန၊ ပုဂ္ဂိုလ်များသည် အကျွမ်းဝင် ရင်းနှီးပြီးဖြစ်သည်ဟု ယူဆပါကြောင်း၊ သို့သော် ဝန်ကြီး၏ စေတနာကို ပံ့ပိုးပေးခြင်း မဖြစ်ဘဲ အချိန်နှင့်တစ်ပြေးညီ မချေးပေးနိုင်ခြင်းသည် သံသယဖြစ်စရာဟု မိမိတို့ ပြည်သူများက ယူဆပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစရိတ်ချေးငွေကို စိုက်ပျိုးစရိတ်ကာလမတိုင်မီ အချိန်မီ မချေးပေးနိုင်သည့် အပေါ်တွင် မည်သည့်ဌာန၊ ပုဂ္ဂိုလ်များ၌ တာဝန်ရှိသည်ကိုလည်းကောင်း၊ ထိုပေါ့လျော့မှုကို တာဝန်ရှိသည့်ဌာန၊ ပုဂ္ဂိုလ်များကို မည်သို့မည်ပုံ အရေးယူပေးမည်ကို လည်းကောင်း၊ နောက်ကာလများတွင် ထိုကဲ့သို့ မဖြစ်ရန် မည်သို့ စီမံဆောင်ရွက်ထားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။