(က)-မကွေးတိုင်းဆေးရုံကြီးတွင် လိုအပ်နေသော ကျောက်ကပ်စက်နှင့်ရေသန့်စက်ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မကွေးတိုင်းဆေးရုံကြီးကို မကွေးမြို့အပါအဝင် နီးစပ်သည့်မြို့များဖြစ်သည့် ချောက်၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်း၊ မင်းလှ၊ မင်းဘူး၊ စကု၊ စလင်း၊ ပွင့်ဖြူ မြို့နယ်များနှင့် မင်းဘူးခရိုင် နှင့် မကွေးခရိုင်အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှ ကျန်းမာရေးအတွက် အားကိုးအားထားပြုရသည့် ဆေးရုံကြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက်သုံးစုံနှင့် ရေသန့်စက် တစ်စုံ ရှိပါကြောင်း၊ ကျောက်ကပ်ဆေးစက်တစ်စုံကို မြွေကိုက်ခံရသည့်လူနာများနှင့် အရေးပေါ် လူနာ များအတွက်သာ အသုံးပြုရပါကြောင်း၊ လူနာတစ်ဦးအတွက် အချိန်လေးနာရီပေးရပါကြောင်း၊ စက်တစ်လုံးကို တစ်နေ့လျှင် လူနာသုံးဦးနှင့် စက်နှစ်လုံးရှိသည့်အတွက် လူနာ ခြောက်ဦးကိုသာ ကျောက်ကပ်ဆေးစက် ဆေးနိုင်ပါကြောင်း၊ အချို့လူနာများသည် တစ်ပတ်လျှင် နှစ်ကြိမ် ဆေးရသည့် အတွက် တစ်ပတ်ကို ၁၅ ဦးခန့်သာ ကုသပေးနိုင်ပါကြောင်း၊ ကျောက်ကပ်ဆေးရန် စောင့်ဆိုင်းနေ သည့် လူနာဦးရေ ၁၅ ဦးခန့်ရှိပါကြောင်း၊ စာရင်းမပေးရသေးသည့်လူနာ များလည်းရှိနိုင်ပါကြောင်း၊ လက်ရှိ အချို့လူနာများသည် နေပြည်တော်သို့လည်းကောင်း၊ ပခုက္ကူသို့လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံများတွင် လည်းကောင်းခက်ခဲစွာ ငွေကုန်ကြေးကျခံပြီးသွားရောက် ကုသနေရပါကြောင်း၊ မကွေးတိုင်း ဆေးရုံကြီး ကျောက်ကပ်ဌာနအတွက် လိုအပ်နေသည့် ကျောက်ကပ်ဆေးစက်နှင့် ရေသန့်စက် ဖြည့်ဆည်းပေးနိုင်ပါရန်နှင့် စက်ပစ္စည်းထားရန် အခက်အခဲမရှိပါကြောင်းနှင့် ဖြည့်ဆည်း ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။