(ခ)-တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲများ ကို ရန်ကုန်မြို့တွင်နှစ်စဉ်ပြန်လည်ကျင်းပရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာ့ဘောလုံးအားကစားသည် ၁၉၆၈ ခုနှစ်၊ ခြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာ့အသန့်ရှင်းဆုံးဆုကို ရရှိခဲ့သည့်အတွက် အာရှချန်ပီယံဖြစ်ခဲ့ပါကြောင်း၊ မြန်မာ့ဘောလုံးလက်ရွေးစင် ဘောလုံးသမားများသည်လည်း တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲက မွေးထုတ်ပေးလိုက်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါကြောင်း၊
တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကို ၁၉၅၂ ခုနှစ်ကစပြီး ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် စတင်ကျင်းပခဲ့ပါကြောင်း၊ ပထမဦးဆုံး ချန်ပီယံက ရှမ်းပြည်နယ်အသင်းဖြစ်ပါကြောင်း၊ ၁၉၇၂-၁၉၇၃-၁၉၇၄ သုံးနှစ်မှလွဲ၍ ရန်ကုန်မြို့တွင် အမြဲတမ်းကျင်းပခဲ့သည့်အတွက် ပြည်သူလူထု တစ်ခဲနက် အားပေးပြီး မြန်မာပြည်ရှိ ပရိသတ်စိတ်အဝင်စားဆုံးပြိုင်ပွဲ ဖြစ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲကို ၁၉၈၉ ခုနှစ်ကစပြီး နယ်မြို့ကြီးများတွင် လှည့်လည်ပြီး ကျင်းပခဲ့သည့်အတွက် ၎င်းအချိန်မှစပြီး တိုင်းနှင့်ပြည်နယ်ဘောလုံး အဆင့်အတန်းမှာ ကျဆင်းသွားသည်ဟု သုံးသပ်မိပါကြောင်း၊ အကျိုးဆက်အနေဖြင့် မြန်မာ့လက်ရွေးစင်အဆင့်တွင် ကျဆင်းသွားပါကြောင်း၊ နယ်မြို့ကြီးများတွင် ကျင်းပသည့်အခါ များသောအားဖြင့် အိမ်ရှင်အသင်းသည် ချန်ပီယံဖြစ်ရန်အတွက် အခွင့်အရေးသာခြင်းကို လေ့လာဆန်းစစ် တွေ့ရှိခဲ့ရပါကြောင်း၊ ရန်ကုန်မှာကျင်းပသည့်အခါ မျှမျှတတအဖြစ် ကျင်းပသည်ကို တွေ့မြင်ရပါကြောင်း၊
အားကစားတစ်ခုတိုးတက်ရန် ဆိုသည်မှာ အားပေးသည့် ပရိတ်သတ်အပေါ်အများကြီး မူတည်သောကြောင့် ရန်ကုန်မြို့သည် လူဦးရေထူထပ်များပြားသည့်အတွက် ကွင်းပြည့်/ကွင်းလျှံ အားပေးသည့် ပရိတ်သတ်အများကြီးရှိပါကြောင်း၊ ထို့ကြောင့် တိုင်းနှင့်ပြည်နယ်ဘောလုံးအသင်းများအတွက် ရန်ကုန်မြို့တွင် ဘောလုံးပြိုင်ပွဲကျင်းပရန်အတွက် နိုင်ငံတော်အဆင့်မီ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းများကဲ့သို့ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ လေ့ကျင့်ရန်အတွက် လေ့ကျင့်ရေး ကွင်းအလုံအလောက်ရှိပါကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လက်ရှိကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြည်သူများစိတ်ဝင်စားမှု အလွန်နည်းပါးသည်မှာ ပွဲကြည့်ပရိတ်သတ်ကို ကြည့်ပြီးသိရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းပြိုင်ပွဲကို ယခုပြုလုပ်နေသည့်အတိုင်း နယ်မြို့ကြီးများတွင် အိမ်ကွင်း/အဝေးကွင်း ပုံစံကျင်းပပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့တွင် အမြဲတမ်းကျင်းပမည်ဆိုပါက အသင့်တော်ဆုံးဖြစ်မည်ဟု ထင်မြင်ယူဆမိသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။