(ဂ)-မြန်မာနိုင်ငံတွင်အစားအသောက်စစ်ဆေးခြင်းအ တွက်အယူခံဓာတ်ခွဲခန်းသတ်မှတ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့်ပြည်ပမှတင်သွင်းသောဆေးများအတွက် ကြာမြင့်ချိန်လျော့နည်းအောင်ဆောင်ရွက်ပေးနိုင်မှုရှိ /မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
အစားအစာနှင့်သောက်ရေသန့်များကို FDA ကစစ်ဆေးပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီပါက ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးပါကြောင်း၊ FDA ၏ စစ်ဆေးမှုအရ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ သို့သော် ထုတ်လုပ်သူများ နစ်နာမှုမရှိစေရန်အတွက် မကျေနပ်ပါက အယူခံ၍ရရှိစေရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဍ) တွင် အယူခံဓာတ်ခွဲခန်းဟု ဖော်ပြထားပါကြောင်း၊ အယူခံဓာတ်ခွဲခန်းဆိုသည်မှာ မူလဓာတ်ခွဲ ခန်းမှ အစားအသောက် နမူနာများကို ဓာတ်ခွဲစစ်ဆေးမှုနှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ၌ လည်းကောင်း၊ ကျေနပ်မှုမရှိသဖြင့် အယူခံဝင်သည့်အခါ၌လည်းကောင်း၊ ယင်းအစားအသောက် နမူနာများကို ထပ်မံစစ်ဆေး၍ အပြီးသတ်အဆုံးအဖြတ်ပြုနိုင်ရန် အာဏာပိုင်အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ သီးခြားသတ်မှတ်ပေးသော ဓာတ်ခွဲခန်းကိုဆိုသည်ဟု ဖော်ပြထားပါကြောင်း၊ အခန်း(၄) ပုဒ်မ ၆ အာဏာပိုင်အဖွဲ့၏လုပ်ငန်း တာဝန်များတွင်လည်း ပုဒ်မခွဲ(ဇ) မူလဓာတ်ခွဲခန်းနှင့် အယူခံဓာတ်ခွဲခန်းများ သတ်မှတ်ခြင်းဟု ပါရှိပါကြောင်း၊ အခန်း(၇) အယူခံခြင်း ပုဒ်မ ၁၆ တွင် ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌထံအယူခံနိုင်သည်။ ပုဒ်မ ၁၇ တွင် သက်ဆိုင်ရာဝန်ကြီး သို့မဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ဖော်ပြထားပါကြောင်း၊ စစ်ဆေးသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝန်ကြီးထံတွင် အယူခံသည်ထက် ကြားအဖွဲ့အစည်း (Third Party) ဖြစ်ပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ပါကြောင်း၊
ပိုးမွှားများသည် လေထဲတွင် ပျံ့နှံ့နေပါကြောင်း၊ ရောဂါပြင်းပြင်းထန်ထန်ဖြစ်စေသော၊ ရောဂါသိပ်မပြင်းထန်စေသော၊ ရောဂါလုံးဝမဖြစ်စေသော ပိုးများရှိပါကြောင်း၊ လူတို့၏ ခံနိုင်ရည်အားများ ကြောင့်သာ ဒုက္ခမပေးခြင်း ဖြစ်ပါကြောင်း၊ ဥပမာ- သောက်ရေသန့်တွင် အလုံပိတ်အခန်းထဲ၊ အဲယားကွန်းအခန်းထဲတွင် ရေကို Opposite တို့၊ UV ဟူသော Ultraviolet ၊ Ozone စသည်တို့်ဖြင့် အထပ်ထပ်ပိုးသတ်ပြီးမှ Auto Filling ဟုခေါ်သော အလိုအလျောက်ဖြည့်သော စက်နှင့် ထွက်ရှိသော ရေသန့်သည် ပိုးပါဝင်ရန်အခွင့်အလမ်း အလွန်နည်းပါးပါကြောင်း၊ သို့သော် စစ်ဆေးသည့်အခါ စစ်ဆေး သူ၏ အမှတ်မထင်ကိုင်တွယ်ပြုမူမှုများကြောင့် ပိုးပေါက်ဖွားနိုင်ပါသေးကြောင်း၊ တစ်ခါသုံး 1 Litre ၊ 0.5 Litre တို့နှင့် မိမိတို့ အမြဲတမ်းပြန်လည်အသုံးပြုနေသော 20 Litre ဗူးများနှင့် ပိုးပါဝင်မှုများသည် ကွာခြားနိုင်သည့်အတွက် မူလဓာတ်ခွဲခန်းတစ်နေရာထဲတွင် စစ်ဆေးမှုကို မကျေနပ်ပါက အယူခံ ဓာတ်ခွဲခန်းတွင် စစ်ဆေးအယူခံနိုင်စေရန် အစားအသောက်ထုတ်လုပ်သူများကိုပါ သိရှိနိုင်စေရန်အတွက် အယူခံဓာတ်ခွဲခန်းဖွင့်လှစ်ဆောင်ရွက်နေခြင်းရှိ/မရှိကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံတွင် ဆေးဝါးနှင့်ပတ်သက်၍ အနောက်တိုင်းဆေးဝါးများကို MPF ကလွဲပြီး ကျန်သည်များကို ပြည်ပမှ တင်သွင်းကြရပါကြောင်း၊ ဆေးဝါးတင်သွင်းခွင့်လိုင်စင်ရရှိရန် အချိန်အတော်အကြာစောင့်ရ ပါကြောင်း၊ ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်စေရန် အဆင့်ဆင့်စစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းနှင့် ဆေးရုံ၊ဆေးခန်း များတွင် ပေးပို့စစ်ဆေးခြင်းများဖြင့် ရလဒ်ရယူဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုစိတ်ချစွာ သုံးစွဲရပါကြောင်း၊ သို့သော် အထူးဆေးဝါးများဖြစ်သော နှလုံး၊ ဦးနှောက် စသည့်မရှိမဖြစ်လိုအပ်သော ဆေးများသည် တင်သွင်းခွင့်လျှောက်ထားရသည်မှာ ကြာမြင့်သည့်အတွက် ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့ရပါကြောင်း၊ ဆေးပျက်ခံ၍မရသောလူနာများသည် ဈေးကြီးပေးသော်လည်း မရသည့်အတွက် အသက်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါကြောင်း၊ တင်သွင်းသူများဘက်ကလည်း အချိန်ကြာလွန်းသည့် အတွက် ဈေးနှုန်းအနေအထား ကွာခြားမှုများကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် စိတ်ချရသော နိုင်ငံများမှ တင်သွင်းသောဆေးဝါးများကို ၎င်းတို့နိုင်ငံ FDA ၏ ထောက်ခံချက်အတည်ပြုခွင့်ပြုပေးပါက စောင့်ဆိုင်း ရသော အချိန်တိုတောင်းသွားနိုင်ပါကြောင်း၊ အဆိုပါတင်သွင်းသောဆေးဝါးများတွင် သက်ဆိုင်ရာ စံချိန်စံညွှန်း ပါဝင်မှုများ ပါရှိနေသည့်အတွက် ပြန်စစ်သည့်အခါ လွဲမှားနေမှုကြုံရပါက မည်သည့် နိုင်ငံများကဆေးဝါးများဖြစ်ပြီး ကြုံတွေ့ရသော ကုမ္ပဏီများကို တရားစွဲဆိုမှုများ ရှိပါသလားဆိုသည်ကို သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အစားအသောက်စစ်ဆေးခြင်းအတွက် အယူခံဓာတ်ခွဲခန်း သတ်မှတ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့် ပြည်ပမှတင်သွင်းသော ဆေးဝါးများအတွက် တင်သွင်းခွင့်ရရန် ကြာမြင့်ချိန် လျော့နည်းစေရန် ဆောင်ရွက်ပေးနိုင်မှု၊ တရားဝင်တင်သွင်းသောဆေးဝါးများ၏ စံချိန်စံညွှန်းနှင့် အာနိသင်လျော့နည်းခြင်းများတွေ့ရှိပါက မည်သို့အရေးယူခြင်း၊ ပြည်ပကုမ္ပဏီများကို တရားစွဲဆိုခြင်း များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။