(ဃ)-ဖောင်းပြင်မြို့နယ်ရှိ သညစ်ကျန်းမာရေးဌာန ခွဲနှင့် မိုင်းချောင်းကျန်းမာရေးဌာနခွဲတို့အား၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဌာနများအဖြစ်အ ဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-16

ဦးထွန်းဝေ (ဖောင်းပြင်)ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စုပေါင်း ၄၀၊ ကျေးရွာ ပေါင်း ၁၇၈ ရွာရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင် ၁၆၀၀ ကျော် ကျယ်ဝန်းပါကြောင်း၊ ပထဝီအနေအထား အမျိုးမျိုး၊ မြေ မျက်နှာသွင်ပြင်အမျိုးမျိုးရှိသည့် မြို့နယ်ဖြစ်သည့်အတွက် ရာသီအလိုက်လမ်းပန်းဆက်သွယ်မှု အခက်အခဲလည်း ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနေလးခုနှင့် ကျန်းမာ‌ရေးဌာနခွဲ ၁၉ ခု ရှိပြီး ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် သားဖွားဆရာမ များသည် အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ပေးနိုင်ပါကြောင်း၊ သို့သော် လက်ရှိကျန်းမာရေး ဌာနခွဲ ၁၉ ခု တွင် ဆရာမတစ်ဦးတာဝန်ယူရသည့် နယ်မြေသည် ကျယ်ဝန်းနေပါကြောင်း၊ ဆရာမ တစ်ဦးကို ကျေးရွာအုပ်စုနှစ်ခုလောက် တာဝန်ယူနေရသည့်အနေအထားတွင် ရှိပါကြောင်း၊ ထိုနည်းတူ ကျေးလက်ကျန်းမာရေးဌာနများ၏ ကျန်းမာရေးဌာနပိုင်နယ်များလည်း အလွန်ကျယ်ဝန်းပါကြောင်း၊ ပျမ်းမျှအားဖြင့် ကျန်းမာရေးဌာနတစ်ခုကို စတုရန်းမိုင် ၃၂၀ တာဝန်ယူရသည့် အနေအထားဖြစ် သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများကို တိုးချဲ့ဖွင့်လှစ်သင့်ပါကြောင်း၊  ကျေးလက်နေ ပြည်သူများသည် ဆင်းရဲနွမ်းပါးခြင်း၊ အသက်ငယ်ငယ်နှင့် အိမ်ထောင်ပြုကြခြင်း၊ ပညာရည်မမြင့် မားခြင်း၊ ကျန်းမာရေးအသိပညာအားနည်းခြင်း၊ ဒေသအလိုက်ရှိနေကြသေးသည့် အယူအစွဲ ကြီးမားခြင်း များသည် မိခင်နှင့်ကလေးများအတွက် အန္တရာယ်ကို လက်ယက်‌ခေါ်သလို ဖြစ်နေပါ ကြောင်း၊ ထို့ကြောင့် မိမိမေးလိုသည်မှာ ကျေးလက် ကျန်းမာရေးဌာနများအဖြစ် အဆင့်တိုးမြှင့် လျှောက်ထား သည့် သညစ်ကျန်းမာရေးဌာနခွဲနှင့် မိုင်းချောင်း ကျန်းမာရေးဌာနခွဲ တို့အား ကျန်းမာရေး ဌာနများအဖြစ် လည်းကောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ရရှိရန်လျှောက်ထားကြသည့် ရွာတန်းရှည်ကျေးရွာ၊ စန္ဒားကျေးရွာ၊ ကိုင်းပြင်ကျေးရွာ၊ ကောက်စားကျေးရွာ၊ ကွမ်းတောကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ မန်မော်ကျေးရွာနှင့် ပိုးစာကုန်းကျေးရွာများအား ကျေးလက် ကျန်းမာရေး ဌာနခွဲများ အဖြစ် တစ်နှစ်လျှင် နှစ်ရွာ သို့မဟုတ် သုံးရွာကို ၂၀၁၇-၁၈ ခုနှစ်မှစ၍ Sanction ချသွားပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။