(င)-မြန်မာနိုင်ငံအနှံ့အပြား၌ဆေးရုံ၊ဆေးခန်းနှင့်ဝေး သည့်ကျေးလက်ဒေသများတွင် မွေးဖွားလာရသော ကလေးသူငယ်များမွေးစာရင်းမှန်ကန်၊မြန်ဆန်စွာရ ရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့မြန်မာနိုင်ငံတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး GDP အချိုးသည် နိုင်ငံ၏လူဦးရေအပေါ် မူတည်ပြီး ရေးဆွဲရခြင်းဖြစ်သည့်အတွက် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း၊ ပြည်ထောင်စုအဆင့်ထိ လူဦးရေမှန်ကန် တိကျရာတွင် အလွန်အရေးကြီးပါကြောင်း လူဦးရေတိကျမှန်ကန်မှုသည် လူသားအရင်းအမြစ်ပေါ် အခြေခံပြီး စီးပွားရေးမူဝါဒ ချမှတ်ရာတွင်လည်း နိုင်ငံ၏လူဦးရေစာရင်းသည် အလွန်အရေးကြီးပါကြောင်း၊ နောက်တစ်ချက်က မိမိတို့မြို့နယ်အဆင့်တွင် အလွန်အရေးပါသည့် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးမြို့နယ်များကို CCD ဘတ်ဂျက်ရရှိရန် လျှောက်ထားရာတွင်လည်း GDP အပေါ်အခြေခံပြီး ခွင့်ပြုဘတ်ဂျက်ကို ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်သူအများ အလွန်စိတ်ဝင်စားမျှော်လင့်ပြီး မဲစာရင်းတိကျခိုင်မာမှုမရှိဘဲ မဲစာရင်းမှားယွင်းမှုများမှာလည်း နိုင်ငံအနှံ့အပြားတွင် ဖြစ်ခဲ့သည်ကိုလည်း အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်တစ်မြို့နယ်၏ ကျန်းမာရေးဦးစီးဌာနတွင် ရှိသည့် ဖွား/သေ စာရင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ မြို့နယ်လူဦးရေစာရင်းများသည် ခေတ်မီ နည်းစနစ်များဖြင့် လုပ်ဆောင်မှုအားနည်းလျက်ရှိပါကြောင်း၊ ကျွန်မမြို့နယ်အတွင်း ကျေးလက်များ ဆင်းသည့်အခါ ဆေးရုံ၊ ဆေးခန်းနှင့်ဝေးသည့် ကျေးလက်များတွင် မိခင်လောင်းများသည် မိရိုးဖလာအရပ်က ကလေးမွေးပေးသူများနှင့် မွေးဖွားလာရသည့်အခါ ကလေးများသည် မွေးစာရင်း မရှိကြပါကြောင်း၊ ထို့ကြာင့် ကလေးများအတွက် အရေးကြီးသည့် မွေးစာရင်းသည် ကလေးများ၏ ကာကွယ်ဆေးထိုးခြင်းမှစပြီး ပညာရေး၊ နိုင်ငံသားကတ်ရရှိရေး၊ အိမ်ထောင်စုစာရင်းဝင် ဖြစ်ရေးအထိ အခြေခံလိုအပ်ချက်ကြီးတစ်ခု ဖြစ်နေပါကြောင်း၊ မိဘများကိုယ်တိုင်ကလည်း ကလေးမွေးစာရင်းကို မည်ကဲ့သို့ပြုလုပ်ရမည်၊ မည်သည့်နေရာတွင် လုပ်ရမည်ကို ဂဃနဏမသိကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးရွာများအထိ သားဖွားဆရာမကို ကျေးရွာအုပ်စုအလိုက် ခန့်အပ်ထားနိုင်ခြင်း မရှိသည့်အတွက် မိခင်လောင်းများသည် မွေးစာရင်းရရန် အခက်အခဲရှိနေကြပါကြောင်း၊ မြို့နယ်အတွင်းလိုအပ်နေသည့် မွေးစာရင်းများကို ကျေးရွာအုပ်စုအလိုက် အလှည့်ကျ သက်ဆိုင်ရာဌာနက လုပ်ပေးနိုင်မည်ဆိုပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် မီးဖွားသူများကဲ့သို့ မွေးစာရင်းများကို လွယ်ကူစွာ မရရှိသည့့်အပြင် အထက်က မိမိကိုပြောခဲ့သလို ကလေးငယ်များကို ကာကွယ်ဆေးထိုးခြင်း၊ ကျောင်းအပ်နှံခြင်း၊ နိုင်ငံသားကတ်ပြုလုပ်ခြင်း၊ ပုံစံ (၁၀) ခေါ် အိမ်ထောင်စုစာရင်းများ ပြုလုပ်ရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည့်အတွက် မွေးစာရင်းမှန်ကန်၊ မြန်ဆန်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။