(က)-ဒဂုံမြို့နယ်တွင်အဆင့်မြင့်မီးသတ်ယာဉ်(၅) စီးပါဝင်သော မြို့နယ်မီးသတ် တပ်ဖွဲ့ရုံးတစ်ခုထား ရှိရန်အတွက် မြေနေရာချပေးရန်နှင့် မီးသတ်စခန်း ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး တိုင်းဒေသကြီးဖြစ်ပြီး မြို့တွင်းမြို့နယ် များသည် လူဦးရေထူထပ်ပြီး ကားကြပ်သည့် မြို့နယ်များဖြစ်ကြပါကြောင်း၊ ဒဂုံမြို့နယ်သည် ရန်ကုန်မြို့အတွင်းရှိ လူအထူထပ်ဆုံးနှင့် အထင်ကရနေရာများ အများဆုံးရှိသည့် အစည်ကားဆုံး မြို့နယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါဖြစ်သဖြင့် နိုင်ငံခြားခရီးသွားများနှင့် ပြည်သူများသွားရောက် ဖူးမျှော်လေ့ရှိသည့် ရွှေတိဂုံဘုရားအပါအဝင် အခြားတန်ခိုးကြီးဘုရားများတည်ရှိပြီး အမျိုးသားကဇာတ်ရုံ၊ အမျိုးသားပြတိုက်နှင့် အခြားသမိုင်းဝင် အဆောက်အဦများ တည်ရှိရာမြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းအစိုးရရုံးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အုပ်ချုပ် ရေးဌာနများ တည်ရှိရာ တိုင်းဒေသကြီးအစိုးရ ရုံးစိုက်ရာမြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုလို အထင်ကရနေရာများ တည်ရှိနေသည့်အပြင် လူဦးရေထူထပ်သော ဒဂုံမြို့နယ်အတွင်း မီးရေးနှင့် ကယ်ဆယ်ရေးကိစ္စများ ဆောင်ရွက်ရန် ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး၊ မီးသတ်စခန်းဆိုပြီး မရှိသေးပါဘူးကြောင်း၊ ဒဂုံမြို့နယ်အပါအဝင် မြို့နယ်ခြောက်မြို့နယ်၏ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးကိစ္စများကို ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့တစ်ခုတည်းက တာဝန်ယူထားရခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်များသည် လူဦးရေထူထပ်သဖြင့် အရေးပေါ်မီးရေး၊ ထင်းရေးကိစ္စများ ပေါ်ပေါက်လာပါက ကားများကြပ်သည့်အတွက် သွားလာရန်ကြာမြင့်ချိန် မှန်းဆရခက်ပြီး ထိခိုက်ဆုံးရှုံးမှုများ မလိုအပ်ဘဲများနိုင်ပါကြောင်း၊ ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့တွင်လည်း မီးသတ်ကားသုံးစီး ရှိသည့်အတွက် ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့အတွက်လည်း တာဝန်ကြီးလှပါကြောင်း၊ အကယ်၍ တာဝန်ယူထားသော် မြို့နယ်ခြောက်မြို့နယ်ထဲမှ မြို့နယ်နှစ်မြို့နယ်တွင် မီးရေးကိစ္စများ တစ်ပြိုင်နက် ဖြစ်ပေါ်လာလျှင် လုံလောက်သည့် မီးသတ်ကားအရေအတွက် မရှိပါကြောင်း၊ ထို့ကြောင့် ဒဂုံမြို့နယ်တွင် ဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတစ်ခု တည်ဆောက်ရန် လိုအပ်လျက်ရှိသဖြင့် မိမိမေးမြန်းလိုသည်မှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်များအတွင်း နေထိုင်သွားလာနေကြသည့် ပြည်သူအပေါင်းနှင့် နိုင်ငံခြားခရီးသွားများအားလုံး၏ လုံခြုံရေးအတွက် အဆင့်မြင့်မီး သတ်ယာဉ်ငါးစီးပါဝင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတစ်ခုထားရှိရန် မြေနေရာချထားပေးရန်နှင့် မီးသတ်စခန်း ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။