(င)-မြင်းမူမြို့တွင် သက်မွေးပညာရပ်များသင်ကြား နိုင်ရန် သက်မွေးပညာသင်တန်းကျောင်းသို့မဟုတ် အစိုးရ နည်းပညာ အထက်တန်းကျောင်း တစ်ခု တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

soe san thet tunစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်တွင်ရှိသော မြင်းမူမြို့သည် မုံရွာ-မန္တလေးကားလမ်းနှင့် ဧရာဝတီမြစ်ဘေးတွင်တည်ရှိကာ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးကောင်းမွန် သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်ပြီး ကျေးရွာအုပ်စု ၄၈ အုပ်စုနှင့် ရပ်ကွက် လေးခုတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားပါကြောင်း၊  မြင်းမူမြို့၏ ပညာရေးအနေအထားသည် ၂၀၁၄ ခုနှစ်၊ သန်ခေါင်းစာရင်းများအရ မြင်းမူမြို့တွင် အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ ၆၆၆၀၀ ကျော် ရှိသည့်အနက် ၈.၅ ရာခိုင်နှုန်းသည် ကျောင်းမနေခဲ့သူများ၊ ၈.၈ ရာခိုင်နှုန်းသည် ဘွဲ့နှင့် အခြားဒီပလိုမာဘွဲ့ အသိအမှတ်ပြုလက်မှတ်များ ရရှိထားသူများ၊ ၈၂.၅၃ ရာခိုင်နှုန်းသည် အခြေခံပညာအဆင့်ကို သင်ကြားဖူးသူများဖြစ်ကြပြီး မြို့နယ်တစ်ခုလုံး၏ စာတတ်မြောက်မှု နှုန်းသည်  ၉၅.၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အဆိုပါအချက်အလက်များအရ နည်းပညာနှင့် သက်မွေးလေ့ကျင့်ရေးကျောင်းအတွက် တက်ရောက်နိုင်မည့်လူဦးရေနှင့် အရည်အချင်း လိုအပ် ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် ဒေသတစ်ခုဖြစ်ကြောင်းကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း၊  ၂၀၁၃ ခုနှစ် ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံမှာ မူလတန်းနှင့် အထက်တန်းကျောင်းသားတစ်သုတ်လျှင် တစ်သန်းခန့် ကျောင်းထွက်နေသည့် အခြေအနေ ဖြစ်သည့်အတွက် နည်းပညာ၊ သက်မွေးနှင့် ပညာရေးလေ့ကျင့်ရေးကဏ္ဍများတွင် သင်ယူမှုအခွင့်အလမ်း ပိုမိုပေးရန်လိုအပ်နေလျက်ရှိပြီး နိုင်ငံ့လူဦးရေ၏ ဝ.၁၃ ရာခိုင်နှုန်းခန့်ပင် သင်ယူခွင့်ရရှိထားသည့်အတွက် အင်မတန်နည်းပါးနေသည်ဟု NASP အစီရင်ခံစာတွင် တွေ့ရှိရပါကြောင်း၊

နိုင်ငံတော်ကနေ အလေးထားဆောင်ရွက်နေသော SME လုပ်ငန်းများကို မြင်းမူမြို့တွင် အကောင်အထည်ဖော်မှုများရှိသော်လည်း အဓိကလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားရှားပါးမှုများကြောင့် အဆင့်မီထုတ်ကုန်များ ထွက်ရှိနိုင်မှုမရှိခြင်း၊  အလုပ်လုပ်ကိုင်နိုင်သည့် လူငယ်အများစုသည်လည်း  နည်းပညာနှင့် သက်မွေးပညာများ  တတ်မြောက်ထားမှုမရှိသည့်အပြင် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်နေသူ များပြား လာခြင်းတို့ကြောင့် မြင်းမူမြို့တွင် သက်မွေးမှုပညာသင်တန်းကျောင်း သို့မဟုတ် အစိုးရနည်းပညာ အထက်တန်းကျောင်းတစ်ခု တည်ဆောက်ပေးမည်ဆိုပါက အကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းခရိုင်တွင်ခရိုင်တွင် ထိုကဲ့သို့ ကျောင်းမျိုးမရှိသေးသည့်အတွက်  မြင်းမူမြို့တွင် တည်ထောင်ပေးမည်ဆိုပါက မြို့နယ်နှင့်တစ်ဆက်တစ်စပ်တည်းဖြစ်သော မြောင်မြို့၊ အရာတော် မြို့၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်း မြို့နယ်က ပြည်သူများအတွက်လည်း အကျိုးရှိလာမည်ဖြစ်ပါကြောင်း၊  မြင်းမူမြို့တွင် သက်မွေးပညာသင်တန်းကျောင်း သို့မဟုတ် အစိုးရနည်းပညာအထက်တန်းကျောင်းတစ်ခတည်ထောင်ပေးမည်ဆိုပါက လိုအပ်သည့် အကျယ်အဝန်းရှိသည့် မြေနေရာကို သတ်မှတ်ပေးနိုင်ရန် ခရိုင်မြို့နယ်က တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ပညာရေးဝန်ကြီးဌာနအပေါ် လွှဲပြောင်းနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်နေ ပါကြောင်း၊ ထို့ကြောင့် မြင်းမူမြို့တွင် မြို့နယ်လိုအပ်ချက်နှင့်ကိုက်ညီသော နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ကြားနိုင်ရန် သက်မွေးမှုပညာသင်တန်းကျောင်း ဒါမှမဟုတ် အစိုးရနည်းပညာအထက်တန်းကျောင်းတစ်ခု တည်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးမည်ကိုလည် သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။