(ခ)-မြို့နယ်တိုင်းတွင် ‘မြို့နယ်လက်စွဲ’ စာအုပ်များ ထွက်ပေါ်လာစေရေးအတွက် လိုအပ်သော စီစဉ် ညွှန်ကြားမှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ယနေ့ ဒီမိုကရေစီနိုင်ငံ တော်ကို တည်ဆောက်နေကြပါကြောင်း၊ ဒီမိုကရေစီနိုင်ငံဆိုသည်မှာ ပြည်သူ များအတွက် ပြည်သူများက ၎င်းတို့၏အရေးအရာများကို ကိုယ်တိုင်စီမံခန့်ခွဲသည့် ပြည်သူ့အစိုးရစနစ် ဖြစ်သည့်အတွက် ပြည်သူများသည် အသိဉာဏ်ပညာဗဟုသုတနှင့် ကြွယ်ဝသည့် အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည့် ပြည်သူများဖြစ်ရန်လိုအပ်ပါကြောင်း၊ ပြည်သူများကို အမြဲတမ်း Warm Inform Personal ဖြစ်နေအောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီခေတ်တွင် ပြည်သူများသည် ၎င်းတို့သိသင့်သိထိုက်သည့်အရာများကို သိရန်အခွင့်အရေး ရှိပါကြောင်း၊ ၎င်းတို့၏ နိုင်ငံ၊ ဒေသ၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုးရန်ဆိုပါက အနည်းဆုံး မိမိတို့ဒေသ၏ အကြောင်းအချင်းအရာ အကုန်လုံးကို အစစအရာရာ သိရန်လိုပါကြောင်း၊ သို့မှသာ ပြည်သူများသည် ၎င်းတို့၏ ကျေးရွာ ဒေသ၊ မြို့ရွာ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုင်း မြို့နယ်တိုင်းတွင် အသေးစိတ်အချက်အလက်များပါသည့်စာအုပ်မျိုး ရှိရန် လိုအပ်နေ ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များပေါင်းစပ်ပြီး ၎င်းအချက် အလက်များပါသည့် စာအုပ်တစ်အုပ်ကို ပြုစုပြီး နှစ်စဉ်ထုတ်ဝေမည်ဆိုပါက ကုန်ကျစရိတ်ကို နိုင်ငံတော်မှကုန်ကျခံစရာ မလိုဘဲ မြို့နယ်များတွင်ရှိသည့် လုပ်ငန်းရှင်များမှ စာအုပ်တွင် ၎င်းတို့၏ လုပ်ငန်းအကြောင်းများကို ပြည်သူများသိအောင် ကြော်ငြာကြမည်ဆိုပါက ဝင်ငွေများရလာ စရာရှိပါကြောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်မှုလုပ်ပေးရန် လိုပါကြောင်း၊ နှစ်တိုင်းနှစ်တိုင်းတွင် လည်း ယခုလို တစ်နှစ်ပြည့်သည်နှင့် အသစ်ပေါ်လာသည့် အချက်အလက်များ အကုန်လုံး Update လုပ်ပြီးတစ်ဆင့်တစ်ဆင့်တိုးမြှင့်သွားမည်ဆိုပါက ၎င်းစာအုပ်သည့် မိမိတို့ မြို့နယ်၊ ကျေးရွာ၊ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးဝင်သည့် စာအုပ် တစ်အုပ် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ယခုလိုစာအုပ်မျိုး မြို့နယ်တိုင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်ပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းညွှန်ကြီးကြပ်မှုနဲ့ ဆောင်ရွက်ပေးရန် အတွက် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။