(ဆ)-စဉ့်ကိုင်မြို့နယ်၊အမှတ်(၂)အထည်စက်ရုံ(ပလိပ်) မှအလုပ်ရှင်PandaTextileCo.Ltd နှင့်အလုပ်သမား များကြားရှိ အလုပ်သမား သပိတ်နှင့်စပ်လျဉ်း၍ ဖြေ ရှင်းပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

kyi moh moh lwinအမှတ်(၂)အထည်စက်ရုံ(ပလိပ်)ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းမှ  Panda Co. Ltd ကို လွှဲပြောင်းငှားရမ်းခဲ့ပြီး စတင် လွှဲပြောင်းချိန်မှ စတင်ကာ သုံးနှစ်တာကာလအတွင်း အလုပ်ရှင်နှင့်အလုပ်သမားများကြားဆန္ဒပြသပိတ်မှောက်မှု၊အငြင်းပွားမှု၊ ညှိနှိုင်းဖြေရှင်းရမှုများသည် အကြိမ် ကြိမ်ဖြစ်ပွား ခဲ့ပြီး မူလစာချုပ်၊ ပြင်ဆင်စာချုပ် များအပြင် ညှိနှိုင်းဖြန်ဖြေရေး စာချုပ်များကို အကြိမ်ကြိမ်ချုပ်ဆိုခဲ့ရပါကြောင်း၊

လုပ်ခဖြတ်တောက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားများကြား အငြင်းပွားမှုကြောင့်မိုလို့ စတင် ပေါ်ပေါက်လာပြီး အလုပ်သမားများ၏ တိုင်ကြားတောင်းဆိုမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးပေးခဲ့ပါကြောင်း၊၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမား ၄၉၈ ဦး ၏ ဖြတ်တောက်ထားသည့် လုပ်ခများကို ပြန်လည်ပေးရန် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန် ခဲ့သော်လည်း အလုပ်ရှင် ဘက်မှ လိုက်နာခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊ တစ်လအတွင်း သက်ဆိုင်ရာဌာများက ညှိနှိုင်းပေးသော်လည်း ပြေလည်မှု မရရှိခြင်းကြောင့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃ ရက် နေ့ တွင် အလုပ်သမားသပိတ် စတင်ဖြစ်ပွားခဲ့ပါကြောင်း။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အဖွဲ့ အစည်း များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းအဆင့်/  မြို့နယ်အဆင့် ဌာနဆိုင်ရာ များက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ခေါ်ယူညှိနှိုင်းပေးခဲ့သော်လည်း အလုပ်ရှင် Panda Co. Ltd ဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက်  အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရှိရပါကြောင်း။

ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက  သုံးနှစ်တာကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား အကြိမ်ကြိမ်အငြင်းပွားမှု၊ ဆန္ဒဖော်ထုတ်မှုများကို သက်ဆိုင် ရာက ညှိနှိုင်းဖြေ ရှင်း ပေးခဲ့သော်လည်း တိကျသည့် မူဝါဒမရှိခြင်းကြောင့် ရေတိုကာလသာ အဆင်ပြေခဲ့ပါကြောင်း၊  အလုပ်သမားများသည် နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒအရ လည်း ကောင်း၊ လူမှုဘဝ အခြေခံ စားဝတ်နေရေးမှာ နေရေး အခက်အခဲအားနည်းချက်ကြောင့်လည်း ကောင်း နိုင်ငံဝန်ထမ်းအဖြစ်မှ ကုမ္ပဏီ ဝန်ထမ်းဘဝသို့ ရောက်ခဲ့ကြရပြီး ယခုအချိန်တွင် အလုပ်သမား များအနေဖြင့် ဘက်ပေါင်းစုံ အဆင်မပြေမှုများကြောင့် သပိတ်မှောက်နေကြခြင်း ဖြစ်ပါကြောင်း၊ မနက်ဖြန်ရောက်ပြီဆိုပါက သပိတ်မှောက်သည့် ရက်ပေါင်းသည် ၁၀၀ ရှိပြီ ဖြစ်သည့်အတွက် အလုပ်သမား ၆၀၀ ကျော်နှင့် ၎င်းတို့ကိုမှီခိုနေသည့် မိသားစုဝင် ၃၀၀၀ ခန့်တို့၏ စားဝတ်နေရေး၊ ကျန်းမာရေးထိခိုက်မှုများရှိလာပါကြောင်း၊ထို့ကြောင့် အလုပ်သမားများ အလုပ်ခွင်ပြန် လည်ဝင် ရောက်နိုင်ရန်နှင့် အလုပ်ခွင် အာမခံချက် ရရှိဖို့ အရေးတကြီးလိုအပ်နေသကဲ့သို့ အလုပ်ရှင်နှင့် အလုပ် သမားအကြား မျှတတိကျပြတ်သားပြီး ရေရှည်တွင်အဆင်ပြေနိုင်မည့် အဖြေတစ်ခုရန်လည်း လိုအပ် နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် စဉ့်ကိုင်မြို့နယ်၊ အမှတ်(၂) အထည်စက်ရုံ(ပလိပ်)၏ အလုပ်သမား သပိတ်နှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန်အစီအစဉ်ရှိ/မရှိဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။