(ဈ)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မည်သူ မဆို သင်ကြား တတ်မြောက်စေမည့် နည်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

aye naingဒဂုံမြို့သစ်(တောင်းပိုင်း) မြို့နယ်သည် လူဦးရေအားဖြင့် ၃၇၃၇၃၈ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဒုတိယလူဦးရေ အများဆုံးဖြစ်ပါကြောင်း၊ အသက် ၁၈ နှစ်မှ ၅၉ နှစ် အထိ ၂၁၆၈၉၇ ဦးရှိပြီး အလုပ်လုပ်နိုင်စွမ်းနှင့် နည်းပညာတတ်ကျွမ်းလိုသူ၊ သင်တန်းတက်လိုသူ ၁၉၁၉၅၄ ဦးရှိပါကြောင်း၊ထို့ပြင် မြို့နယ် အတွင်း နေထိုင် ကြသော ပြည်သူ များသည် လယ်ယာလုပ်ငန်းကို ကျွမ်းကျင်ခဲ့သော်လည်း လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကြုံရာကျပန်းအလုပ်လုပ် နေရပါကြောင်း၊ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ အလုပ်အကိုင်၊ အိမ်ရာအတည်တကျရှိသည့် သူများကို ပြောင်းရွှေ့ပြီး နေထိုင်စေခြင်းအားဖြင့် မူလအလုပ်အကိုင်များ လက်လွတ်ဆုံးရှုံး ခဲ့ရသည့်အတွက် စားဝတ် နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းအများစု လိုအပ်နေသည့်မြို့လည်း ဖြစ်ပါကြောင်း၊

ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးကြပ်တည်းမှုကြောင့်လည်းကောင်း၊ မိသားစုစားဝတ်နေရေးနှင့် ပညာရေးနည်းစနစ် အမျိုးမျိုးပြောင်းလဲမှုကြောင့် ကျောင်းထွက်ခဲ့ကြရသည့် လူငယ်များသည်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးနေရပါကြောင်း၊ ၂၀၁၅-၁၆ စာရင်းအရ စက်မှုဇုန်အမှတ် (၁) တွင် စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၄၁ ခု၊ စက်မှုဇုန် (၂) တွင် ၆၆၁ ခု၊ စက်မှုဇုန် (၃) တွင် ၄၁၁ ခု၊ စက်မှုဇုန်ပြင်ပတွင် စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၁၁ ခု၊ ဒဂုံ (အရှေ့ပိုင်း) စက်မှုဇုန်တွင် ၄၄ ခု စုစုပေါင်း စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၃၆၈ ခုရှိပါကြောင်း၊ ထို့အပြင် သန်လျင် သီလဝါအထူးစက်မှုဇုန် လည်း တည်ဆောက်လျက်ရှိနေသဖြင့် ကျွမ်းကျင်ဝန်ထမ်းများလည်းများစွာ လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်ရေး၊အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအထောက်အကူပြုစေရန် အသက်အရွယ်အလိုက်၊ ပညာအရည်အချင်းအလိုက် မည်သူ မဆို သင်ယူတတ်မြောက်စေမည့် နည်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးပါရန်နှင့် ဖွင့်လှစ်ပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။