(ဂ)-ပုဂ္ဂလိကကုမ္ပဏီများကိုသစ်ခုတ်ခွင့်၊သစ်ထုတ် လုပ်ခွင့်ရပ်ဆိုင်းရန်နှင့်တရားမဝင်သစ်ခိုးထုတ်နေခြင်း ကိုထိရောက်စွာအရေးယူရန်အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u aung kyaw kyaw ooမြန်မာနိုင်ငံသဘာဝသယံဇာတနှင့် ပတ်‌ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ အစီရင်ခံစာ အရ မြန်မာ့သစ်တောဖုံးလွှမ်းမှုဟာ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းရှိရာမှ  ၂၀၀၈ ခုနှစ်တွင်၂၄ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့သည်ကို ဖော်ပြပါရှိပါကြောင်း၊ ၇-၉-၂၀၁၅ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အာဖရိကနိုင်ငံ ဒါဗင်တွင် ကျင်းပသော ကမ္ဘာ့သစ်တောကွန်ဂရက်တွင် မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု အများဆုံးစာရင်း အဆင့်(၃) နေရာတွင် ရပ်တည်လျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုများမှာ အန္တရာယ် အဆင့်ကို ကျရောက်နေပြီဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင်ကြုံတွေ့ရသော ရေလွှမ်းမိုးမှုဖြစ်စဉ် များသည် သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်ပါကြောင်း၊

ပုဂ္ဂလိကသစ်ကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့်နှင့် ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ပမာဏထက်များစွာ ပိုမိုထုတ်လုပ်ခြင်း၊ မြေငှားရမ်းခ၊ ဆင်ငှားရမ်းခ၊ သစ်လုံးခွဲ ငွေပေးသွင်းရန်ကြွေးကျန်များ များနေခြင်း၊ အမြတ်ဝေစုများ မပေးသွင်းခြင်း၊ အခွန်ရှောင်ခြင်း၊ သစ်ထုတ်လုပ်ရေးစရိတ်များ ကြိုတင်ရယူခြင်းစသည့် အချက် များကြောင့် နိုင်ငံတော်အနေဖြင့် သယံဇာတတွေဆုံးရှုံးပြီး ထိုက်သင့်သည့် အကျိုးအမြတ်မရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှုနှင့်ပတ်သက်၍ လန်ဒန် အခြေစိုက် Global Wageness အစီရင်ခံစာအရ ၂၀၀၄ ခုနှစ်မှာ မြန်မာသစ် ကုဗတန် ကုဗမီတာ တစ်သန်းကျော် မြန်မာပြည်မြောက်ဖျားမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို တရားမဝင် တင်ပို့ခဲ့သည်ကို သိရပါကြောင်း၊ ယင်းပမာဏသည် တရုတ်ကို တင်ပို့သည့် သစ်ပမာဏ၏ ၉၅ ရာခိုင်နှုန်းရှိပါကြောင်း၊ ၂၀၀၅ ခုနှစ် အစီရင်ခံစာတွင်လည်း ၂၀၀၅ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်ကို တရားမဝင် တင်ပို့သည့် သစ်တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်းရှိပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ တန်ဖိုးရှိသည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံ၏ တရာမဝင်တင်ပို့သည့် သစ်များသည် တရုတ် နိုင်ငံယူနန်ပြည်နယ်ကို ကုန်းလမ်းဖြင့် ပို့ဆောင်ခြင်း ဖြစ်ပါကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့သည့်သစ်ပမာဏ၏ ၈၈ ရာခိုင်နှုန်းသည် အဆိုပါလမ်းကြောင်းမှ ဝင်ရောက်ခြင်းဖြစ်ကြောင်း တရုတ်အကောက်ခွန်မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ယင်းတို့ဖြင့် ၇၅ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်လက်အောက်ခံ ခရိုင် ၃ ခုမှ ဖြတ်သန်း ဝင်ရောက်ခြင်းဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်ခြင်းသည် ပျမ်းမျှအားဖြင့် တစ်စီးကို ၁၅ တန်ခန့် တင်ဆောင်ထားသည့် သစ်လုံးတင် ထရပ်ကားကြီးများသည် တရုတ်နိုင်ငံဘက် စစ်ဆေးရေး ဂိတ်များကို ခုနစ် မိနစ်ကို ကားတစ်စီးနှုန်းကျဖြင့် ၂၄ နာရီပတ်လုံး၊ တစ်နှစ်ပတ်လုံး အမြဲတမ်းဖြတ်သန်း ဝင်ရောက် နေသော်လည်း မည်သူမျှ အရေးယူဆောင်ရွက်ခြင်းမရှိဟု Global Wageness က ထုတ်ဖော်ပြောကြား ပါကြောင်း၊ ထို့ကြောင့် အဆိုပါ တရားမဝင် သစ်လုံးတင်ပို့ရောင်းချမှုများသည် တရုတ်ကုမ္ပဏီများ၊ တရုတ်ဒေသခံအာဏာပိုင်များ၊ သစ်တောဌာန တာဝန်ရှိသူများ၊ ဒေသခံ တပ်မတော်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက် နေကြောင်းလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ် ခွင့် ရပ်ဆိုင်းရန် အစီအစဉ်ရှိ/မရှိနှင့် တရားမဝင် သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။