(စ)-မြောက်ဦးမြို့တွင်ကွန်ကရစ်လမ်းများခင်းခွင့်ရှိ/ မရှိရှေးဟောင်းသုတေသနဆိုင်ရာမူဝါဒများကိုပြည် သူများသိခွင့်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u hla sawမြောက်ဦးမြို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် ဒုတိယပုဂံဖြစ်ပြီး သမိုင်းတန်ဖိုး အင်မတန်ကြီးမားပါကြောင်း၊ ရခိုင်ဘုရင်များ၏ နောက်ဆုံးမြို့တော်ဖြစ်ခဲ့သည့်အတွက် နန်းရဂုံနှင့် တံတိုင်းကိုပတ်ပြီး မြို့သည် တည်ရှိပါကြောင်း၊ မြို့တစ်မြို့လုံးသည် ရှေးဟောင်းသုတေသနနယ်မြေ ဖြစ်ပါကြောင်း၊ မိမိတို့ သာမန်ပြည်သူတွေ အတွက် ရှေးဟောင်း သုတေသန၏ လုပ်ထုံးလုပ်နည်းများ ဥပဒေများ၊ မူဝါဒများကို သိရန်အလှမ်းဝေးပါကြောင်း၊ သိခွင့်လည်း မရှိပါကြောင်း၊မသိသည့်အတွက် ဌာနဆိုင်ရာ အနေဖြင့် ပွင့်လင်းမြင် သာမှု မရှိသည့်အတွက် မြို့နယ်လူထုအနေဖြင့် စိတ်သောက ရောက်ရခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်းများ ဖြစ်နေပါကြောင်း၊

ဥပဒေနားလည်တတ်ကျွမ်းသော ရဲအရာရှိတစ်ယောက်နှင့် ရှေးဟောင်းသုတေသနအရာရှိ တစ်ယောက်တို့ ဥပဒေပိုင်းဆိုင်ရာ အငြင်းပွားပြီး ရုံးရောက်သည့် အထိ ဖြစ်နေ ပါကြောင်း၊လက်တွေ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ခွင့်ပြုပေးထားသော လေးထပ်ဆောင် ခရိုင်ပြည်သူ့ဆးရုံကြီးသည် ရှေးဟောင်းသုတေသန၏ ကန့်ကွက် ချက်ကြောင့် နှစ်ထပ်ဆောင် ဘဝကို ရောက်ခဲ့ ရပါကြောင်း၊မြို့၊ရွာဖွံ့ဖြိုးမှု အတွက် အများကြီး နစ်နာပါကြောင်း၊ ပြည်သူ့ဆေးရုံရှေ့တွင် ကွန်ကရစ်ခင်းသည်ကို မြောက် ဦးမြို့ ရှေးဟောင်းသုတေသနက ကွန်ကရစ် မခင်းရဟူသော ဟန့်တားမျိုးများလည်း ရှိပါကြောင်း၊ ပြည်သူများ မသိနားမလည်သည့် မူဝါဒများအပေါ် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ထား သည့် အတွက် စိတ်ဆင်းရဲရပြီး မြို့ပြဖွံ့ဖြိုးမှုကိုလည်း အများကြီး အနှောင့်အယှက်ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဦးမြို့တွင် ကွန်ကရစ်လမ်းများခင်းခွင့်ရှိ/မရှိ၊ မြို့လူထုစိုးရိမ် ပူပန်စိတ် ဖြေဖျောက်ရန်အတွက် ရှေးဟောင်းသုတေသနအနေဖြင့် နယ်မြေသတ်မှတ်ချက်၊နယ်မြေသတ်မှတ်ချက်ဆိုသည်မှာ မည်သည့်နေရာတွင် မည်သို့ဆောက်ရမည်၊ မဆောက် ရမည်ကို မူဝါဒဆိုင်ရာများအား ပြည်သူတွေသိခွင့်ရှိ/မရှိနှင့် အကျင့်ပိုင်းဆိုင်ရာအားနည်းသော အရာရှိများ၊ ဝန်ထမ်းများကို အရေးယူနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။