(ဆ)-ဧဝရတ်တောင်ထိပ်သို့တက်ရောက်နိုင်ခဲ့ပြီးမြန် မာ နိုင်ငံတော် အလံကိုလွှင့်ထူကာကမ္ဘာ့အလယ် တွင် မြန်မာနိုင်ငံ၏ပုံရိပ်ကိုမြင့်မားထည်ဝါစေခဲ့သော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအားဂုဏ်ပြုချီးမြှောက်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

myint lwinဧဝရတ်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ခြောက်မိုင်နီးပါးမြင့်ပါကြောင်း၊ တောင်ထိပ်နား တစ်ဝိုက်တွင် လေပြင်းများသည် အမြဲလိုလို မိုင် ၁၀၀ နှုန်းဖြင့် တိုက်ခတ်သည့်နေရာ ဖြစ်ပါကြောင်း၊ အချို့အချိန်တွင် မိုင် ၂၀၀ လောက်တိုက်ခိုက်ပြီး နာဂစ်တုန်း တိုက်သည့်အခါတွင် မိုင် ၁၄၀ လောက်ဖြင့် နှိုင်းယှဉ်ကြည့်၍ ရပါကြောင်း၊ အသက်အန္တရာယ်လည်း အင်မတန်များသည့် ကိစ္စများဖြစ်သည့်အတွက် မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်တွင် မိမိတို့နိုင်ငံက ကိုဝင်းကိုကိုနှင့် ကိုပြည်ဖြိုးသူတို့ အောင်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ နှစ် ၅၀ အတွင်း ပထမဆုံးပြည်သူလူထု၏ဆန္ဒကို ကိုယ်စားပြုနိုင်ဆုံးဟု ခေါ်ဆိုနိုင်သည့် ဒီမိုကရက်တစ် အစိုးရတစ်ခုပေါ်ထွန်းလာသည်နှင့် တိုက်ဆိုင်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဒီမိုကရက်တစ် အစိုးရအတွက်လည်း ဒါဟာအတိတ်ကောင်း၊ နိမိတ်ကောင်း တစ်ခုလို ဆိုနိုင်ပါကြောင်း၊ ၎င်းနေရာကို ရောက်ရှိနိုင်ရန် လူများရာထောင်ချီပြီး သေဆုံးခဲ့ခြင်းများရှိပါကြောင်း၊ ထိုလူငယ်လေးနှစ်ယောက်မှာ အောင်မြင်ခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြင့်မားအောင်လုပ်ပေးခဲ့သည့်အတွက် မိမိတို့နိုင်ငံ ဒီမိုကရက်တစ်အစိုးရကို အတိတ်ကောင်း၊ နိမိတ် ကောင်းများ ယူဆောင်ပေးခြင်းကြောင့် မြန်မာလူငယ်နှစ်ယောက်အား ပံ့ပိုးကူညီခဲ့သည့် အဖွဲ့သားများကို ထိုက်ထိုက်တန်တန် ချီးကျူးဂုဏ်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။