(ခ)-ထီးချိုင့်မြို့နယ်၊ချွန်းတောင်ကျေးရွာအုပ်စုကျန်း မာရေး ဌာန(ခွဲ)အားကျန်းမာရေးဌာနအဖြစ် တိုးချဲ့ ဖွင့်လှစ်ပေးရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ချွန်းတောင်ကျေးရွာအုပ်စုသည် ထီးချိုင့်မြို့နယ်၏ တောင်ဘက်စွန်းတွင်တည်ရှိပြီး ကျေးရွာပေါင်း ၉ ရွာ၊ အိမ်ခြေပေါင်း ၁၂၄၁ အိမ်၊ အိမ်ထောင်စုပေါင်း ၁၅၉၅ စုနှင့် လူဦးရေ ၆၀၃၀ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ပါက အနီးရှိ ကျီးကန်းထောင့် ကျေးရွာ၊ ရွှေရာသစ်ကျေးရွာများပါ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမည်ဖြစ်ပါကြောင်း၊ သပိတ်ကျင်း၊ ကန့်ဘလူစသည့် မြို့နယ်များနှင့်လည်း နယ်နိမိတ်ချင်းထိစပ်နေပါကြောင်း၊ ချွန်းတောင်ကျေးရွာသည် ရှေးမြို့ဟောင်းတစ်ခုဖြစ် ပြီး မြသိန်းတန်စေတီတော်၊ သီပေါမင်း တည်ထားခဲ့သော ဉာဏ်တော်သင့်စေတီ၊ ဘိုးတော်ဘုရားတည်ထားသော ရွှေဂူတော်ဘုရား၊ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး၏ ဉာဏ်တော်နှင့် မျက်နှာတော်ပုံစံတူ သကျမုနိမာရဇိန်ဘုရား အစရှိသည့် ရှေးဟောင်းအမွေအနှစ်များ တည်ရှိပါကြောင်း၊ ချွန်းတောင်အုပ်စုရှိ ရွာများသည် မင်းဝံတောင်ခြေတန်း တစ်လျှောက်တည်ထားသော ကျေးရွာများဖြစ်ပြီး ကျန်းမာရေးအတွက် ဆက်သွယ်ရေး အလွန်ဝေးလံ ခက်ခဲပါကြောင်း၊ မြစ်ရေကြီးချိန်တွင်သာ သွားလာရေး အဆင်ပြေသော်လည်း မြစ်ရေကျချိန်တွင် ဒုက္ခများပါကြောင်း၊ ကုန်းလမ်းအရ ထီးချိုင့်ဆေးရုံကို ၁၅ မိုင်ခန့်နှင့် ညောင်ပင်သာတိုက်နယ်ဆေးရုံကို ၅ မိုင်ခန့်ကွာဝေးပါကြောင်း၊ ထို့ကြောင့် ကျေးရွာပေါင်း ၉ ရွာရှိပြီး တစ်ရွာနှင့်တစ်ရွာ ၂ မိုင်မှ ၅ မိုင်လောက်ထိ ဝေးကွာသည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ကျ ဆရာမအနေဖြင့် ဝေးလံကျယ်ဝန်းသော ဒေသများကို လုံလောက်စွာ မရောက်နိုင်ပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ (၂၆-၇-၂၀၁၆) ရက်နေ့က ပြည်ထောင်စုဝန်ကြီး ရှင်းလင်းဖြေကြားစဉ် ကျေးလက်နေပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက်၊ ဆက်သွယ်ရေးခက်ခဲသော ဒေသများအတွက် ကျန်းမာရေးဌာနအနေနှင့် စည်းကမ်းသတ်မှတ်ချက်များကို လျှော့ပေါ့ပြီး စီစဉ်ဆောင်ရွက် ပေးသွားမည်ဟူသော ဖြေကြားချက်အပေါ် ချွန်းတောင်ကျေးရွာအုပ်စု ပြည်သူများမှ အားကိုးတကြီး မျှော်လင့်နေကြပါကြောင်းနှင့် ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်မည်ဖြစ်သည့်အတွက် ထီးချိုင့်မြို့နယ်၊ချွန်းတောင်ကျေးရွာအုပ်စုကျန်း မာရေး ဌာန(ခွဲ)အားကျန်းမာရေးဌာနအဖြစ် တိုးချဲ့ ဖွင့်လှစ်ပေးရန်အစီစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။