(က)-မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) လက်ဝယ်ရရှိ ထားပြီး စရိတ်ထုတ်ပေးရာတွင် ကန့်သတ်ခံထား ရသောလယ်သမား(၁၂)ဦးအတွက်ယခုနှစ်မိုးရာ သီစိုက်ပျိုးစရိတ်ထုတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

san san eiမိုးညှင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ကချင်ပြည်နယ်၏ စပါးကျီမြို့ ဖြစ်သကဲ့သို့ ကျောက်မြတ်များထွက်ရှိသော စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဖားကန့် မြို့နယ်တို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည့်မြို့ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ဖြစ်သော  အင်းတော်ကြီးအိုင်တည်ရှိရာမြို့နယ်လည်းဖြစ်ပါကြောင်း၊ ကျောက်မြတ် တူးဖော်သည့် ကုမ္ပဏီများကို လုပ်ကွက်များ ချပေးရာတွင် စိုက်ပျိုးရေး လုပ်ငန်းမလုပ်မနေရစနစ်ပါသည့်အတွက် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်တွင် ကုမ္ပဏီများကို ၎င်းတို့နယ်မြေများနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မိုးညှင်းမြို့နယ် ၏ အင်းတော်ကြီး ဒေသရှိ မြေလွတ်၊ မြေရိုင်းများကို လယ်ယာမြေဖော်ထုတ်ရန် လုပ်ပိုင်ခွင့်နှင့် လုပ်ကွက်တွေ ချပေးခဲ့ပါကြောင်း၊သို့သော် စည်းကမ်းချက်များ အတိုင်း အချို့ကုမ္ပဏီများ က မြေယာများကို ဖော်ထုတ်ခြင်း၊ အချို့ကုမ္ပဏီများက အပြည့်အဝဖော်ထုတ်နိုင်ခြင်း၊ အချို့ကုမ္ပဏီများက  ဖော်ထုတ်နိုင်မှုကို ဆောင်ရွက်ပေးနိုင်မှု မရှိခြင်းများ ရှိခဲ့ပါကြောင်း။

၂၀၁၂ ခုနှစ်တွင် လယ်ယာမြေ ဥပဒေတွေအရ ဒေသခံတောင်သူ လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများကို လုပ်ကိုင်ခွင့် ရရန်အတွက် ပုံစံ(၇)ကို လျှောက်ရန် ဆောင်ရွက်ရာတွင် ကုမ္ပဏီ များနှင့် လယ်ယာမြေပြဿနာအမှုအခင်းမျာ များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊  

၂၀၁၆ ခုနှစ်တွင် လုံးစန့်ဒေသရှိ မြသိင်္ဂီကုမ္ပဏီအနေဖြင့် ၎င်းတို့က လုပ်ကွက်များကို ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ဒေသခံလယ်သမား ၁၂ ဦးကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)က ထုတ်ပေးခြင်း မပြုရန်၊ ထုတ်ပေးပြီးစီးပြီး ဖြစ်ပါကလည်း ပြန်လည်ပြန်လည်သိမ်းဆည်းရန်နှင့် စိုက်ပျိုးစရိတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းမပြုရန် ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် တွင် အဆိုပါ တောင်သူလယ်သမား ၁၂ ဦးသည် ပုံစံ(၇) ရရှိထားသော်လည်း စိုက်ပျိုးစရိတ် ရရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် လယ်ယာမြေလုပ်ပိုင်ခွင့်တွေ ပုံစံ (၇) ရရှိထားသော်လည်း စိုက်ပျိုးစရိတ်ရရှိခြင်းမရှိသေးသော လယ်သမားများအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်နှင့် လယ်ယာမြေများ လုပ်ပိုင်ခွင့်ရရှိနိုင်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက် ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။