(က) - နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့ နယ်နှင့်ပန်ဆောင်၊ဒုံဟီးမြို့နယ်ခွဲတို့တွင်(GSM-3G) ဖုန်းလိုင်းများအား မည်သည့် အချိန်တွင်အပြီးတပ် ဆင်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u wan hlaနန်းယွန်းမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၅၅.၇၂၀ မိုင်ခန့်ရှိပြီး မြို့နယ်အပါအဝင် မြို့ ၃ မြို့နှင့် ကျေးရွာပေါင်း ၁၇၀၀ ရှိပါကြောင်း၊ယနေ့အချိန်အထိ နန်းယွန်း၊ပန်ဆောင်နှင့် ဒုံဟီးမြို့ပေါ် တွင် CDMA-450 ဖုန်းလိုင်းကိုအသုံးပြုနိုင်  တာဝါတိုင်များ ဆောက်လုပ် တည်ဆောက်ထားပြီး ဖြစ်သော်လည်း နန်းယွန်းနှင့် ပန်ဆောင်မြို့ပေါ်တစ်ဝိုက်တွင်သာ CDMA ဖုန်းကို အသုံးပြုနိုင် ပါကြောင်း၊ဒုံဟီးမြို့အပါအဝင် ကျေးရွာများတွင်လည်း ဖုန်းလိုင်း အသုံးပြုနိုင်ခြင်း မရှိသေးပါကြောင်း၊ထို့ကြောင့် လက်ရှိအချိန်အထိ ဌာနပိုင်းဆိုင်ရာ သတင်းပေးပို့မှုကို ဒုံဟီးမြို့ပေါ် ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင် ကြေးနန်းကိုသာ အသုံးပြုရပါကြောင်း၊ ဒုံဟီးမြို့ပေါ်တွင် MPT တာဝါတိုင်စိုက်ထူထားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ ဖုန်းလိုင်း ချိတ်ဆက်တပ်ဆင်ထားခြင်း မရှိသေးသည့် အတွက် ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်မကြီးထက် များစွာ နောက်ကျနေဆဲဖြစ်ပါကြောင်း။

ထို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နေမှုစသည့် အခြေအနေ အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ မပေးပို့နိုင်ခြင်း၊ မသိရှိနိုင်ခြင်းကြောင့် မပျက်စီးသင့်ဘဲ ပျက်စီးသွားသည့် လမ်းတံတား၊ လယ်ယာသီးနှံများနှင့် မသေသင့်ဘဲ သေဆုံးခဲ့ရသော အနာဂတ် ခေါင်းဆောင်ကောင်းသားသမီးများ များစွာ ကြုံတွေ့ခဲ့ရခြင်းများ ပြည်သူများ ဆက်လက်ကြုံတွေ့ ခံစားနေရပါကြောင်း၊ စက်တင်ဘာလ ပထမအပတ်မှစ၍ တံခါးကျေးရွာတွင် ဒေသခံပြည်သူ အများစု ချောင်းဆိုးပြီးဖျားနာနေကြပြီး ယနေ့အချိန်ထိ ၁၅ နှစ်အောက် ကလေးငယ်ပေါင်း ၅ ဦး အသက်ဆုံးရှုံးခဲ့လိုက်ရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနရှိ တာဝန်ရှိသူများက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျေးရွာ၌ ကွင်းဆင်းပြီး ကုသပေးနေကြောင်းလည်း ကြားသိရပါကြောင်း၊ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ မရရှိသည့်အတွက် စက်တင်ဘာလ ပထမပတ်မှစတင်၍ ရောဂါဖြစ်ပွား နေသော်လည်း ကုသခြင်းလုပ်ငန်းများကို လကုန်ပိုင်းမှသာ သွားရောက်ကုသပေးနေခြင်း ဖြစ်ပါကြောင်း၊ထို့ကြောင့် မလိုလားအပ်ဘဲ ဒေသခံပြည်သူများ အသက်ဆုံးရှုံးနေရခြင်း၊ သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မသိရှိနိုင်ခြင်းများ ထပ်မံမဖြစ်ပွားစေရန် အဓိကကျသော ဆက်သွယ်ရေးစနစ် ကောင်းမွန်လွှမ်းခြုံနိုင်ရန် အရေးတကြီးလိုအပ်နေပါသဖြင့် နန်းယွန်း၊ ပန်ဆောင်နှင့် ဒုံဟီးမြို့ပေါ်နှင့် ကျေးရွာများတွင် (GSM-3G) ဖုန်းလိုင်းများ ရရှိအသုံးပြုနိုင်ရန် မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်တပ်ဆင်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။