(ခ)-အင်းစိန်မြို့နယ် အတွင်းရှိ မီးရထားစက်ခေါင်း စက်ရုံနှင့်မီးရထားအိမ်ရာဝင်းအတွင်းရှိအလုပ်သမား ဝန်ထမ်းမိသားစုအိမ်ခန်းများနှင့်လိုင်းခန်းမျာတွင်(၂၄) နာရီမီးရရှိရေးအတွက်မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
အင်းစိန်မြို့နယ် မီးရထားစက်ရုံဝင်းရှိ ဝန်ထမ်းအိမ်ရာများဖြစ်သည့် လှိုင်မီးရထားဝင်း၊ ကြို့ကုန်း မီးရထားဝင်း၊ မီးရထားဆေးရုံနှင့် မီးရထားရဲဝန်ထမ်းအိမ်ရာများတွင် အခန်းစုစုပေါင်း ၁၅၈၆ ခန်း၊ အိမ်ထောင်စုပေါင်း ၂၇၀၈ စုနှင့် လူဦးရေပေါင်း ၉၂၁၄ ဦး ရှိပါကြောင်း၊အဆိုပါ ၁၅၀၀ ကျော်သော ဝန်ထမ်းများမှာ လျှပ်စစ်မီးပြတ်တောက်နေသည့်ဘဝဖြင့် ဆယ်စုနှစ်ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ ဝန်ထမ်းအိမ်ရာများ ၂၄ နာရီမီးရရှိရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ညှိနှိုင်းသည့်အခါတွင် အဆိုပါမီးရထားလိုင်းခန်းများကို မီးပေးရန်အတွက် လျှပ်စစ်ဓာတ်အား အလုံ အလောက်ရှိသည့်အတွက် ပေးနိုင်ပါကြောင်း၊သို့သော်လည်း အင်းစိန်မြို့နယ် မီးရထားခေါင်းစက်ရုံ အထွေထွေမန်နေဂျာနှင့် ဆွေးနွေးသည့်အခါ မီးရထားနယ်မြေအားလုံးတွင် လျှပ်စစ် ဓာတ်အားခြိုးခြံချွေတာ သုံးစွဲရေးနှင့်ပတ်သက်၍ ဝန်ထမ်းရပ်ကွက်များတွင် တစ်နေကုန် မီးမပေး ရန်နှင့် နေ့ခင်းဘက်မီးပိတ်ရန် လိုက်နာဆောင်ရွက်ရေး ဆိုသည့် ဦးဆောင်ညွှန်ကြားရေးမှူး၏ ၁၉-၁၁-၁၉၉၉ ရက်စွဲပါ ညွှန်ကြားချက်နှင့် ဝန်ထမ်းအိမ်ရာများ၊ သက်သာလုပ်ငန်းများ ဝန်အားလျော့ချရန် လျှပ်စစ်အင်ဂျင်နီယာ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၏ ၁၃-၂-၂၀၀၆ ရက်စွဲပါစာအရ ရုံးပိတ်ရက်မှအပ စက်ရုံအလုပ်ချိန်များတွင် ဓာတ်အား ဖြတ်တောက်ထားပြီး အလုပ်ချိန်ပြင်ပတွင် ဓာတ်အားပြန်ပေးရန် ညွှန်ကြားချက်များအရ ဆောင်ရွက် နေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၄ နာရီ အချိန်ပြည့်မပေးနိုင်ပါကြောင်း၊ ယခုလက်ရှိ အနေအထားအရ YESC ပိုင် အိမ်သုံးမီတာများ တပ်ဆင်ပေးနေသည်မှာ ၁၈၅ ခန်းတပ်ဆင်ပြီး ၁၃၉ ခန်းဆက်လက် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ တစ်ခုတည်းသာမက မြန်မာ့မီးရထား အင်ဂျင်နီယာမှူး (လျှပ်စစ်ဌာန) က အောက်မြန်မာပြည်ရှိ သိမ်ဖြူမီးရထားဝင်း၊ မင်္ဂလာတောင်ညွန့်မီးရထားဝင်း၊ မလွှကုန်းစက်ဆန်းမီးရထားဝင်းတို့တွင်လည်း ၂၄ နာရီဓာတ်အား ဖြန့်ဖြူး ပေးထားခြင်းမရှိသေးပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနအသီးသီး၏ အိမ်ရာများအားလုံးသည် လျှပ်စစ်မီးကို အပြည့်အဝခံစားရပါသော်လည်း အင်းစိန်မြို့နယ်တွင်းရှိ မီးရထား ခေါင်းစက်ရုံ ဝန်ထမ်းအိမ်ရာတွင် လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့် ဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆန့်ကျင်သကဲ့သို့ လူ့အခွင့်အရေးကိုလည်း နှစ်ပေါင်းများစွာ ချိုးဖောက်နေခြင်း ဖြစ် ပါကြောင်း၊ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် ပြောင်းလဲချိန်တန်ပြီဆိုသည့်အတိုင်း မည်သည့် အချိန်တွင် မီးအပြည့်အဝ ရရှိမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။