(စ)-ယင်းမာပင်မြို့နယ်ရှိ(၉၉)ကန်စီမံကိန်းလုပ်ငန်း များအနက်စီမံကိန်းထက်ဝက်ခန့်မှာတောင်သူလယ် သမားများအတွက်အကျိုးမပြုတော့ပါသောကြောင့် စီမံကိန်း ဖျက်သိမ်းပေးပါရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

aung soeယင်းမာပင်မြို့နယ်အတွင်းရှိ ၉၉ ကန်နှင့်ပတ်သက်၍ မြေအောက်မှရေပေါ်ကို အလိုအလျောက် လျှံတက်နေသည့် ရေများကို ရေကန် ၉၉ ကန်တည်ဆောက်ပြီး သက်ဆိုင်ရာအစိုးရက လယ်ယာမြေများကို ရေပေးဝေသည့် စီမံကိန်းဖြစ်ပါကြောင်း၊စီမံကိန်းကို ၁-၅-၁၉၉၄ ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၈-၂-၁၉၉၅ ရက်နေ့ (၁၀ လအကြာ) တွင် ပြီးစီးပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်မြို့၏ ပတ်ဝန်းကျင် ၅ မိုင်ခန့်အတွင်းနှင့် ဆားလင်းကြီးမြို့နယ် အနောက်မြောက် ဧရိယာအတွင်း တည်ရှိပါကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်း ကန် ၉၆ ကန်တည်ရှိပြီး ဆားလင်းကြီးမြို့နယ်တွင် ကန် (၃) ကန် တည်ရှိပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် စပါးနှင့်အခြားသီးနှံ ဧက ၁၀၀ စိုက်ပျိုးရန်ရည်ရွယ်ပြီး တစ်ကန်လျှင် ရေထွက်နှုန်း တစ်နာရီ ဂါလန် ၂၀၀၀၀ ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ကန်များတည်ဆောက်ရာတွင် အလျား ပေ ၂၀၀၊ အနံ ပေ ၂၀၀၊ အမြင့် ပေ ၇ ပေရှိသည့် ကျောက်စီရေလှောင်ကန် ၁၅ ကန်၊ မြေသားရိုးရိုးရေလှောင်ကန် ၈၄ ကန်၊ ရေပေးမြောင်း ၉၉ ခု ပြုလုပ်တည်ဆောက်ခဲ့ပါကြောင်း၊ အကျိုးပြုလယ်မြေဧက ၈၁၈၁ ဧကအတွက် ရေများ‌ပေးဝေမည် ဖြစ်ကြောင်း၊ထို့အပြင် ဖြည့်စွက်စီမံကိန်းအနေဖြင့် အလျား ၁၅၀ ပေ၊ အနံ ၁၅၀ ပေ၊ အမြင့် ၇ ပေရှိသည့် မြေသားရေလှောင်ကန် (၈) ကန်ကိုလည်း ထပ်မံပြု လုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းမြစ်၏ စစ်တမ်းကောက်ယူမှု အခြေအ‌နေ အစီရင်ခံစာ၏ ဖော်ပြချက်အရ ရေလျှံထွက်ရှိမှုမရှိသည့် ရေကန် ၂၈ ကန်ရှိပါကြောင်း၊ ရေလျှံထွက်မှု နည်းပါးသောကန် ၂၄ ကန်ရှိပါကြောင်း၊ ရေလျှံထွက်မှု ကောင်းမွန်ဆဲကန် ကန်ပေါင်း ၅၀ ရှိပါကြောင်း၊ ရေလျှံထွက်မှု အကောင်းမွန်ဆုံးကန် ၅ ကန်ရှိပါကြောင်း၊အဆိုပါရေလျှံထွက်မှု မရှိသည့်ကန်များ၊ ရေလျှံမှုနည်းသည့် ကန်များကိုတွင်းဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း များ ပြုလုပ်ခဲ့သော် လည်း ရေလျှံထွက်ရှိမှု မရှိသည့်အပြင် မူလအတိုင်း ရေလျှံထွက်ခြင်း မရှိတော့ပါကြောင်း၊ဌာန၏ထုတ်ပြန်ချက်တွင် ဌာနကတူးဖော်ထားသည့် ရေလျှံတွင်း နေရာများထက် နိမ့်သောအပိုင်းများ တွင် တောင်သူလယ်သမား များက ကိုယ်ပိုင်ရေလျှံတွင်း များ တူးဖော်သုံးစွဲမှု များပြားသောကြောင့် ဌာနရေလျှံတွင်းများ ရေမလျှံမှုဖြစ်ပေါ်ရကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်း ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတောင်သူ လယ်သမားများ ကို လေ့လာစုံစမ်းမေးမြန်း သည့်အခါ အဆိုပါဌာန၏ ကန်များသည် ရေလျှံထွက်ရှိမှု မရှိသည့်အတွက် လယ်ယာမြေများ ရေမရရှိသဖြင့် ကိုယ်ပိုင်ရေလျှံတွင်းများကို အကုန်အကျခံ၍ တူးဖော် သုံးစွဲရသည်ကို တွေ့ရှိရပါကြောင်း၊ယခုလို ရေလျှံထွက်ရှိမှု မရှိသည့် ရေကန်ပေါင်း ၅၀ ကျော် ရှိသည့်အပြင် ရေမြောင်းများမှာလည်း ရေပေးဝေမှုမရှိသည့်အတွက် တောင်သူလယ်သမားများအတွက် အကျိုးမပြုတော့သဖြင့် လယ်ယာစိုက်ပျိုးမြေများ အလဟဿဖြစ်နေသည့် ဧကပေါင်းမြောက်မြားစွာ ဖြစ်ပေါ်နေမှုကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။