(ခ)-၁၉၇၂ခုနှစ်ကလူထုလုပ်အားဖြင့်ဖော်ထုတ်ခဲ့သော ငါးမွေးကန်နှင့်လယ်ကွက် ကိုဒေသခံအာဏာပိုင်အ ဆက်ဆက်တို့က သိမ်းယူခဲ့ပြီး သီးစားချထားပိုင်ခွင့် ရှိပါ သလား၊ မူရင်း မူလပိုင်ရှင်များထံ ပြန်လည်စွန့် လွှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
သိန္နီမြို့၊အမှတ် (၂) ရပ်ကွက်၊ကြာကန်ကြီး ဘေးအနီး ယခင်မြေလွတ်၊မြေရိုင်းနေရာကို ၁၉၇၂ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ လူထုလုပ်အားနှင့် ရပ်ကွက်ပိုင်လယ်မြေအဖြစ် စတင်ဖော်ထုတ်ခဲ့ ပါကြောင်း၊ ပြည်သူ့ကောင်စီခေတ်၊ ကောင်စီဥက္ကဋ္ဌ ဦးစိုင်းထွန်းလတ်မှ ၁၉၈၀ ခုနှစ်တွင် လယ်ကိုသိမ်းယူခဲ့ပါကြောင်း၊ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဌာနက ဦးဇာမောင်ကို ပြန်လည်လွှဲပြောင်း လုပ်ကိုင်စေခဲ့သည့်အတွက် လယ်မှထွက်ရှိသည့် စပါးကို ဘုန်းတော်ကြီးကျောင်းအတွက် လှူဒါန်းခြင်းမရှိတော့ပါကြောင်း၊ နောက်ပိုင်းတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဦးလှအောင်ထွေးအား ထပ်မံ လွှဲပြောင်းပေးပြီး (၄) နှစ်ကြာအောင် လုပ်ကိုင်စေခဲ့ပါကြောင်း၊၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် မြို့နယ်ရုံးမှ ၎င်းအများ ပိုင်လယ်မြေဧက ၁.၅၀ ကို အပြီးအပိုင်သိမ်းယူပြီး လယ်မြေပိုင်ရန် ဦးပိုင်အမှတ် (၆/၁၃)၊ ကွင်းအမှတ်၊ မြို့အကွက်၊ ကျူးကိုပါ လုပ်ထားပြီးဖြစ်ပါကြောင်း၊ ၎င်း လယ်ကွက်ကို သိန္နီမြို့၊ (၄) ရပ်ကွက်နေထိုင်သူ ဦးဧထွန်း၊ ၁၃/သနန(နိုင်) ၀၀၃၄၁၆ အား သီးစားတစ်နှစ်လျှင် စပါးတင်း ၄၀ ဖြင့် ငှားရမ်းလုပ်ကိုင်စေပါကြောင်း၊ လက်ရှိလယ်ကွက်သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင်အမည်ပေါက် ဖြစ်နေပါကြောင်း၊ အမှတ်(၂) ရပ်ကွက်လူထု၏ ပြန်လည်တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ်မှစပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်မှ မိမိတို့ရရှိသည့် တစ်နှစ်သီးစားခစပါးတင်း ၄၀ ၏ ထက်ဝက်အဖြစ် တင်း ၂၀ ကို ရပ်ကွက်ပြည်သူလူထုထံ ပြန်လည်ခွဲဝေပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၆ ခုနှစ်အထိစုစုပေါင်း စပါးတင်း ၆၀ ကို ပြန်လည်ရရှိခဲ့ပါကြောင်း၊ရပ်ကွက် (၂) လူထု ပိုင်ဆိုင်ခဲ့သည့် လယ်မြေ၊ ငါးကန်အပါအဝင် ၁.၅၀ ဧကကို ပြန်လည်ရရှိရေးအတွက် တင်ပြစာနှင့်အတူ ပြည်သူ ၂၀၉ ဦးက လက်မှတ်ရေး ထိုးပြီး တောင်းဆိုထားသော မှတ်တမ်းကိုပါ တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ၁၉၇၂ ခုနှစ်ကတည်းက လူထုအားဖြင့် ဖော်ထုတ်ခဲ့သည့် လယ်ကွက်ကို ဒေသခံအာဏာပိုင် အဆက်ဆက်တို့က သိမ်းယူခဲ့ပြီး သီးစားချထားပိုင်ခွင့်ရှိ/မရှိနှင့် ၎င်းမြေကို မူလပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ၊လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် နည်း၊ ပြန်လည်လွှဲပြောင်းပေးပါကလည်း မည်သည့်အချိန် ကာလတွင် လွှဲပြောင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။