(င) - လားရှိုးမြို့မှစွန့်ပစ်အမှိုက်ပုံကိုကျန်းမာရေးနှင့် ညီညွတ်သည့်နည်းစနစ်ဖြင့်စွန့်ပစ်ရှင်းလင်းပေးမည့် အစီအစဉ်အားသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဦးရေတိုးတက် များပြားလာသည်နှင့်အမျှ နေ့စဉ် စွန့်ထုတ်သည့် အမှိုက်များ ပိုမိုများပြားလာပါကြောင်း၊လူနေအိမ်များ၊စားသောက်ဆိုင်ခန်းများ၊ စည်ပင်သာယာ ဈေးကြီး/ဈေးငယ်၊ ဆေးရုံစသည်တို့မှ ထွက်ရှိသည့် အမှိုက်များ စုပေါင်းလိုက်မည်ဆိုပါက နေ့စဉ် တန်ချိန် ပေါင်းများစွာ စွန့်ထုတ်နေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ ထွက်ရှိ လာသည့် အမှိုက်များ ကို သက်ဆိုင်ရာဌာနများမှ ယာဉ်အမျိုးမျိုးနှင့် သယ်ဆောင်ပြီး လားရှိုး-နမ္မတူကားလမ်းဘေးတွင် စုပုံပစ်ထားပြီး သာမန်မီးရှို့သည့် နည်းစနစ်ဖြင့် ရှင်းနေ သည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ မီးရှို့သည့် အတွက် ၂၄ နာရီထွက်ရှိလာသည့် မီးခိုးလုံးကြီးများ၊အမှိုက်ပုံမှ ထွက်ရှိလာသည့် အပုတ်နံ့များ၊ အမှိုက်ပုံနားရှိ ခြင်များ၊ ယင်များ၊ ကြွက်များက အနီးအနား ကျေးရွာရှိ ပြည်သူလူထုများကို ဒုက္ခပေးခြင်းများရှိပါကြောင်း၊ ထို့အပြင် လမ်းမကြီးပေါ်တွင် ချထားခြင်းဖြစ်သည့်အတွက် နေ့စဉ်နှင့်အမျှ ဖြတ်သွားဖြတ်လာ ခရီးသည်များ အတွက်လည်း ၎င်းအမှိုက်ပုံကြီးက မသတီစရာကြီးဖြစ်နေရပါကြောင်း၊ လားရှိုးမြို့၏ သန့်ရှင်းသာယာ လှပရေးကို မထိခိုက်စေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး၊ ပြည်သူ လူထု၏ ကျန်းမာရေးကို မထိခိုက်စေရေးတို့အတွက် အဆိုပါအမှိုက်ပုံကြီးကို အခြားသင့်တော်သည့်နေရာ၊သင့်တော်သည့် နည်းလမ်းနှင့် စွန့်ပစ်ရှင်းလင်းပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။