(ဂ)-ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့်သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရိပ်ချောင်း မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၈-၁၁-၁၉၈၉ ရက်စွဲပါ အမိန့်ပြန်တမ်းနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၄-၁၁-၁၉၉၀ တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ဟူ၍ ခွဲခြား သတ်မှတ်ခဲ့ပါကြောင်း၊ အကျယ်အဝန်းအားဖြင့် တောင်မှမြောက် ၁၂ မိုင်၊ အရှေ့မှအနောက် ၃ မိုင် စုစုပေါင်း စတုရန်းမိုင် ၃၀.၅၄၅ မိုင်၊ လူဦးရေ ၃၇၃၇၃၈ ဦးရှိပြီး ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက် ရှိပါကြောင်း၊ သယ်ယူပို့ဆောင်ရေးအနေဖြင့် မြို့နယ်အတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင်ဘတ်စ်ကားယာဉ်လိုင်း ၆ လိုင်းမှ ယာဉ်အစီးရေ ၄၈၁ စီး၊ ကုန်တင်ယာဉ် ၄၇၂ စီး၊ လူစီးယာဉ် ၅၅၂ စီး၊ အခြား ၅၅ စီးဖြင့် နေ့စဉ် ဝင်ထွက်သွားလာနေသော မြို့လည်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန စာရင်းအရ သိရပါကြောင်း၊ ထို့အပြင် စက်မှုဇုန် ၁၊ စက်မှုဇုန် ၂၊ စက်မှုဇုန် ၃၊ ၁၄၄ ရပ်ကွက် စက်မှုဇုန် စသည်ဖြင့် စက်မှုဇုန် ၄ ရုံမှ စက်ရုံအလုပ်ရုံပေါင်း ၁၃၆၈ ခုလုပ်ကိုင်လျက်ရှိရာ ၎င်းစက်မှုလက်မှု လုပ်ငန်းများသို့ သွားလာနေသောယာဉ်များ၊ စီးပွားရေးတက္ကသိုလ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်နှင့် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန လိုင်စင်ရုံးများသို့ သွားလာနေသောယာဉ်များလည်း ရှိပါကြောင်း၊ ၎င်းယာဉ်များအားလုံးသည် မြို့သစ် ၁၉၈၉-၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်စဉ်မှ ယခုအချိန်အထိ ငမိုးရိပ်ချောင်း မြစ်ကူးတံတား တစ်စင်းတည်း ကိုသာ အသုံးပြုသွားလာ နေကြရပါကြောင်း၊ ၎င်းမြစ်ကူးတံတားသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဝင်ထွက် သွားလာနေသည့် ယာဉ်များသာမက ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှည်းကူး၊ ပဲခူးသို့ အမှတ်(၂) ကားလမ်းမကြီးအတိုင်း ဝင်ထွက်သွားလာ သော ယာဉ်များပါ အသုံးပြုလျက်ရှိသဖြင့် လမ်းပိတ်ဆို့မှုများ၊ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်နေပါကြောင်း။
ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် လမ်းများ၊ လျှပ်စစ်မီးများ၊ မြစ်ကူးတံတား ၄ စင်း၊ စီမံကိန်းများ ချထားပေးသော်လည်း ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် မည်မည်ရရ လုပ်ဆောင်ပေးခြင်း မရှိသဖြင့် ပြည်သူသွားလာရေး လွယ်ကူစေရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရပ်ချောင်းမြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးစေလိုပါကြောင်း၊ သုဝဏ္ဏ ဘက်ကမ်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် တံတားတည်ဆောက်ရန် မြေနေရာ ရှိပါသဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။