(က)-မိုင်းရယ်မြို့နယ်၊မန်ပုံကျေးရွာအုပ်စုအတွင်း ရှိနောင်ယကျေးရွာအနီးငွေရည်ပုလဲကုမ္ပဏီလီမိ တက်မှ ကျောက်မီးသွေးများ တူးဖော်လျက်ရှိရာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းအတွက် သက်ဆိုင်ရာမှ မည်သို့ဖြေရှင်း ဆောင်ရွက်ပေး မည်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

sai thiha kyawမိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စုအတွင်းရှိ နောင်ယ၊ နောင်ပု၊ ဖာတန်ကျေးရွာများမှ ရွာသူ/ရွာသား များအနေဖြင့် နောင်ယကျေးရွာအနီး ငွေရည်ပုလဲကုမ္ပဏီလီမိတက်မှ ကျောက်မီးသွေး တူးဖော်နေခြင်းနှင့် စပ်လျဉ်းပြီး ဒေသတွင်းကျေးရွာသူ/ရွာသားများက ထိန်းသိမ်းထားရှိသော သစ်တောများ ပျက်စီးဆုံးရှုံးခြင်း၊ ကျေးရွာပိုင် ထင်းတောများကို ခုတ်ယူခွင့် တားမြစ်ခံရခြင်း၊ မိုးရာသီတွင် စွန့်ပစ်မြေစာများ မိုးရေနှင့်အတူ လျှိုမြောင်ချောင်းမြောင်းတို့နှင့် စီးဝင်ပြီး ချောင်းပိတ်၊ မြောင်း ပိတ်ဖြစ်ပေါ်စေနိုင်ခြင်း၊ ကျောက်မီးသွေးမှ ထွက်ရှိသည့် ဓာတုဓာတ်များ လယ်ယာမြေပြင်သို့ စီးဝင်ခြင်းနှင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးစေ နိုင်ခြင်းစသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် နောင်ယကျေးရွာအနီးငွေရည်ပုလဲ ကုမ္ပဏီ လီမိတက်မှ လုပ်ကိုင်လျက်ရှိသော ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းအား ချက်ချင်းရပ်ဆိုင်း ပေးပါ ရန်နှင့် ကျေးရွာမှ ထိန်းသိမ်းထားရှိသည့် သစ်တောများ ထိခိုက်ဆုံးရှုံးခြင်း၊ စွန့်ပစ်မြေစာများကြောင့် ချောင်း၊ မြောင်း၊ လယ်ယာများ ပျက်စီးခြင်းများအတွက် ထိုက်သင့်သည့် လျော်ကြေးများပေး အပ်၍ ကျောက်မီးသွေးတူးဖော်နေခြင်းအား ရပ်ဆိုင်းပေးပါရန်  ၁၅-၂-၂၀၁၆ ရက်စွဲပါစာဖြင့် ဒေသခံ ကျေးရွာမှ တောင်သူ ၇၈ ဦးတို့က လက်မှတ်ရေးထိုးပြီး ဓာတ်ပုံမှတ်တမ်းများနှင့်အတူ လွှတ်တော်တွင် တင်ပြဖြေရှင်းဆောင်ရွက်ပေးပါရန် တင်ပြလာပါကြောင်း၊ ထို့ကြောင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးရွာအုပ်စု နောင်ယကျေးရွာအနီးမှ ငွေရည်ပုလဲကုမ္ပဏီလီမိတက်မှ ကျောက်မီးသွေးများ တူးဖော်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီကျောက် မီးသွေးတူးဖော်ထုတ်လုပ်ခွင့်ပြုပေးနိုင်ပါ သလား၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ္တုတူးဖော်ထုတ်လုပ်ခွင့်ပြုပေးသည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာပြည်သူလူထု တောင်သူများနှင့် မည်ကဲ့သို့ သဘောတူညီချက် ရယူထားပါသနည်း၊  သက်ဆိုင်ရာ ဒေသခံတောင်သူများက ငွေရည်ပုလဲကုမ္ပဏီလီမိတက်မှ လုပ်ကိုင်လျက်ရှိသော နောင်ယကျေးရွာအနီး ကျောက်မီးသွေးတူးဖော်နေခြင်းအား ချက်ချင်းရပ် ဆိုင်းပေးပါရန်နှင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်း အတွက် ထိုက်သင့်သောလျော်ကြေးများ ပြန်လည်ပေးအပ်ပါရန် တင်ပြတိုင်ကြားစာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။