(ခ)-မိုင်းယောင်း-မိုင်းယုဒေသနေပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည် စီးဆင်းမှုလျင်မြန် ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက် စေရေးအတွက်နမ့်လွေချောင်းကူးတံတားဖွင့် လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်မှ မိုင်းယု (မြောက်) နှင့် အထူးဒေသ (၄) ကျိန်ရန်းရွာကို ဆက်သွယ်ထားသည့် နမ့်လွေချောင်းကူးတံတားကို အထူးဒေသ (၄) နှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့နှစ်ဖက် သဘောတူညီချက်ဖြင့် ၂-၁-၂၀၁၄ ရက်နေ့မှစတင် တည်ဆောက်ပြီး ၂၉-၄-၂၀၁၄ ရက်နေ့တွင် ပြီးစီးခဲ့ပါကြောင်း၊ တံတားအမျိုးအစားမှာ သံစီသံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အရှည်ပေ ၃၀၀ ခန့် ရှိသည့်အတွက် ခန့်မှန်းကုန်ကျငွေစုစုပေါင်း ကျပ် ၃၆၈၀.၂ သန်းဖြစ်ပြီး လမ်းတစ်လမ်းပိုင်းအား ပေးချေရန်ရှိသော ငွေကျန်သန်းပေါင်း ၁၅၈၀ သန်း ကို ပေးချေပြီးဟု စုံစမ်းသိရှိရပါကြောင်း၊
တံတားတည်ဆောက်မှုပြီးစီးခဲ့သည်မှာ တစ်နှစ်ကျော်နှစ်နှစ် နီးပါးခန့်ရှိသော်လည်း ယနေ့တိုင်အောင် တံတားကိုတရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။ ဖွင့်လှစ်နိုင်ခြင်းမရှိဖြစ်ရသည့် အကြောင်း မှာပြီးခဲ့သည့် တစ်ဖက်ကမ်း ချဉ်းကပ်လမ်းအရှည် ၂၀၀ ပေခန့် ဆောင်ရွက်ရန်ကျန်ရှိ နေခြင်းဖြစ်ပါကြောင်း၊၎င်း တံတားသည် မိုင်းယောင်း-မိုင်းယုဒေသ မှ ပြည်သူ လူထု များ နေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေရသည့် တံတားဖြစ်ပါကြောင်း၊ ချဉ်းကပ်လမ်းတည်ဆောက်ရန် လိုအပ်နေသော်လည်း တံတားထိပ်မှ ပေ ၅၀ ခန့် မြေဖို့ပြီးဖြတ် သန်းနေကြပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် တံတားကြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းယောင်း-မိုင်းယုဒေသရှိ ပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည် စီးဆင်းမှု ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ဆောက်ရန် ကျန်ရှိသည့် ချဉ်းကပ်လမ်းကို အပြီးသတ်ဆောင်ရွက်ပြီး တံတားကြီးအား ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။