(ခ)-ကသာခရိုင်ပြည်သူ့ဆးရုံကြီး၊ဝက်တူးကျေးရွာ တိုက်နယ်ဆေးရုံနှင့်ကျောက်ထုံးကြီးကျေးရွာတိုက် နယ်ဆေးရုံ များ၏ လိုအပ်ချက်များကို ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ဦးမြင့်ကြည် (ကသာ)နှစ် ၆၀ သက်တမ်း အိုမင်းလာပြီဖြစ်သော ကသာဆေးရုံသည် ခရိုင်ဆေးရုံဖြစ်သည့်အလျောက် ကသာမြို့နယ်တစ်ခုတည်းတွင်သာမက ဆက်စပ်ရာမြို့နယ်များဖြစ်သော အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်တွေအပြင် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်က ရွာကြီးရွာငယ် ၁၃ ရွာ၊ ၁၄ ရွာကပါ အခါအားလျော်စွာ တက်ရောက်ကုသ အားကိုးနေကြရသော ဆေးရုံဖြစ်ပါကြောင်း ယခုအချိန်သည် ပြည်သူ့ဆေးရုံများကို သာမန်ပြည်သူအများ ပိုအားထားလာသည်နှင့်အမျှ တက်ရောက်လူနာများလည်း အဆမတန် များပြားလာ၍ လက်ရှိကုသဆောင်များနှင့် မဆံ့မပြဲ ဖြစ်နေရပါကြောင်း၊ ထို့ကြောင့်  နေရာအခက်အခဲ ရှိလာ၍ ကသာဆေးရုံတွင် သားဖွားဆောင်နှင့် ကလေးဆောင်တို့ကို ပူးတွဲထားလိုက်ပြီး လက်တလော နေရာအဆင်ပြေရန် လက်ပူတိုက် ဖြေရှင်းထားရပါကြောင်း၊ ထို့အပြင် အရိုး၊ အကြောကုသဆောင်လည်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာဝန်များ အဆင်ပြေပြေ၊ ထိထိရောက်ရောက် ကုသပေးနိုင်ရန် ကုသရေးအဆောင်တစ်ဆောင် လိုအပ်နေပါကြောင်း၊ နောက်တစ်ခုက ကသာခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန် ၉ ဦး ခွင့်ပြုမိန့်ရထားပြီး ဖြစ်ပါကြောင်း၊ ထိုဆရာဝန်များ အပြည့်အစုံ တာဝန်ထမ်းဆောင်လာလျှင် နေအိမ်အတွက် ဗျာမများစေရန် (၄) ခန်းတွဲ (၂)ထပ်ဆောင် နှစ်ဆောင်လိုအပ်ဦးမည် ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ဝန်ထမ်းများခန့်ထားပေးရန် ဖြစ်ပါကြောင်း၊ ကသာဆေးရုံသည်  ယခင်က မေ့ဆေးဆရာဝန် ရှိခဲ့ဖူးသော်လည်း ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက ပြောင်းသွားရာ ယခုအချိန်အထိ နောက်ထပ်မေ့ဆေးဆရာဝန် တစ်ယောက်မှ ရောက်မလာပါကြောင်း၊ ထို့ကြောင့်  ယခုအချိန်တွင် အများဆုံး တွေ့နေရသော ဆိုင်ကယ်၊ ကားမတော်တဆဖြစ်ရပ်များနှင့် အခြား အရေးကြီး သေကောင်ပေါင်းလည်း အသည်းအသန်လူမမာများကို မေ့ဆေးဆရာဝန်သာရှိခဲ့ရင် ကသာတွင် စိတ်ချလက်ချ ကုသနိုင်မည်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် မိုင် ၂၀၀ ကျော်ကွာဝေးသော မန္တလေးကိုသာ လက်လွှဲကုသနေရသဖြင့် အခက်အခဲများ ဖြစ်နေကြရပါကြောင်း၊ ထို့ကြောင့် ကသာဆေးရုံတွင် မေ့ဆေးအထူးကုဆရာဝန်တစ်ဦး အမှန်တကယ် လိုအပ်နေပါကြောင်း၊ အလားတူ အရိုး၊ အကြောအထူးကုများလည်း မရှိသကဲ့သို့ ဤမေးခွန်းတင်သွင်းစဉ်က ရှိခဲ့သော သမားတော်လည်း ယခု မရှိတော့ပါကြောင်း။

ထို့အပြင် ကသာမြို့နယ်၊ ဝက်တူးကျေးရွာတိုက်နယ်ဆေးရုံကို ကုသရေးဦးစီးဌာနက ၁-၁-၂၀၁၆ ရက်စွဲနှင့် အသိအမှတ်ပြုဖွင့်လှစ်ခွင့်ပြုသော်လည်း ယခုအခါတာဝန်ခံဆရာဝန် ၁ ဦး၊ အနီဝတ် Trained Nurse ၁ ဦး၊ နေ့စားအထွေထွေလုပ်သား ၂ ဦး၊ နေ့စားအစောင့် ၁ ဦးသာ ရှိတော့သဖြင့် အထက်တန်းသူနာပြု အပါအဝင် အခြားဝန်ထမ်းများပါ လိုအပ်နေပါကြောင်း။

ထို့အပြင် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် တိုက်နယ်ဆေးရုံကို ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနက ၁-၁-၂၀၁၆ ရက်နေ့တွင် အသိအမှတ်ပြု ခွင့်ပြုပြီး ဖြစ်သော်လည်း ငွေပြတ်သွား၍ ပြီးစီးအောင် မဆောက်နိုင်သေးပါကြောင်း၊ မိမိ မေးခွန်းတင်သွင်း စဉ်က ထိုဆေးရုံပြီးစီးရန် ဖြည့်စွက်ရန်ပုံငွေမှ ကျပ်ငွေ ၄၅ သန်း ခွင့်ပြုပေးရန် လိုအပ်နေပါကြောင်း၊ လက်ရှိအချိန်တွင် ယင်းငွေပမာဏသည် ယခင်ကထက်ပိုပြီး လျော့နည်းကောင်း လျော့နည်း သွားနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ကသာခရိုင်ဆေးရုံကြီးတွင် ကုသရေးအဆောင်တစ်ဆောင် ဆောက်လုပ်ပေးခြင်း၊ (၂) အထူးကုဆရာဝန်များအတွက် (၄) ခန်း တွဲ (၂)ထပ်ဆောင် နှစ်ဆောင် ဆောက်လုပ်ပေးခြင်း၊ (၃) မေ့ဆေးအထူးကုဆရာဝန် တစ်ဦးနှင့် သမားတော်တစ်ဦး ခန့်ထားပေးခြင်း၊ (၄) ဝက်တူးတိုက်နယ်ဆေးရုံအတွက် လိုအပ်ဝန်ထမ်းများ ဖြည့်တင်းခန့်ထား ပေးခြင်း၊ (၅) ကျောက်ထုံးကြီးတိုက်နယ်ဆေးရုံအပြီးသတ်နိုင်ရန် လိုအပ်ငွေကို ဖြည့်စွက်ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ခြင်းတို့ရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မည်သည့်အချိန်တွင် စတင် ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။