(ဂ)-လေရှီးမြို့နယ်အတွင်းရှိ လေယုံ၊ငကျန်၊ဂျီလာ၊ ရန်ပိုမိုနွေး၊မော်နွမ်း၊ထဝိုင်၊နမိယူပီ၊ဆပ်ပြာ၊ချယ်ရာ၊ ခိုလာ၊ဝမ်းဘဲနှင့်မိုဒွန်ရွာမကျေးရွာများတွင်၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးပေးခန်း အဆောက် အဦ ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့်မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်သည် ရပ်ကွက်/ကျေးရွာအုပ်စု ၂၆ ခု၊ ကျေးရွာပေါင်း ၇၇
ရွာရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၃ ခု ရှိသည့်အနက် ဆေးပေးခန်း အဆောက်အဦ ဆောက်လုပ်ပြီးသား ကျေးရွာ ၁၁ ရွာရှိပြီး ကျန်ရှိသည့် ၁၂ ရွာတွင် အဆောက်အဦဆောက်လုပ်ခြင်း မရှိသေးပါကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ကျသည့် ဝန်ထမ်းများအတွက် အိမ်ရာသီးသန့် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးသည့်အချိန်တွင် ဒေသ၏ အခြေအနေအရ ဆေးပေးခန်းများတွင်သာ နေကြရပါကြောင်း၊ ဆေးပေးခန်း မရှိသည့် အဆောက်အဦ၊ အဆောက်အဦ မရှိသည့်ကျေးရွာများတွင် တာဝန်ကျသည့် ကျန်းမာရေးဌာန ဝန်ထမ်းများနေထိုင်ရန်အတွက် လုံခြုံသည့် အဆောက်အဦ မရှိသည့်အချိန်တွင် နေအိမ်မရှိခြင်းကို အကြောင်းပြပြီး တာဝန်ကျသည့် ကျေးရွာတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခြင်း မရှိသည့်အတွက် ပြည်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိ နိုင်ဘဲ အခက်အခဲကြုံတွေ့နေရခြင်းများ တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ မိုးရာသီတွင် ဖျားနာသူများ များပြားပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်သည့်အတွက် လေရှီးမြို့နယ် ဆေးရုံကိုလည်း မသွားလာနိုင်သည့်အတွက်ကြောင့် မသေသင့်သောလူနာများလည်း အသက်ဆုံးရှုံး ရခြင်းများ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တာဝန်ကျဝန်ထမ်းများ ကျေးရွာများတွင် အချိန်ပြည့်နေထိုင်ပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန်အတွက် မိမိတို့ဒေသ၏ လိုအပ်ချက်အရ ဆေးပေးခန်း အဆောက်အဦ မရှိမဖြစ် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိမဲဆန္ဒနယ်မြေဖြစ်သည့် လေရှီးမြို့နယ်အတွင်းရှိ လေယုံ၊ ငကျန်၊ ဂျီလာ၊ ရန်ပိုမိုနွေး၊ မော်နွမ်း၊ ထဝိုင်၊ နမိယူပီ၊ ဆပ်ပြာ၊ ချယ်ရာ၊ ခိုလာ၊ ဝမ်းဘဲနှင့် မိုဒွန်ရွာမ ကျေးရွာများတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးပေးခန်းအဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖော်ပြပါဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။