(ဃ)-လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာ (၁၆) ခုတင်ဆံ့ဆေးရုံသစ်ကိုဖွဲ့စည်းပုံအသစ်ဖြင့်ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၄ ခုနှစ်မှာ မိမိတို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း
ဦးခင်မောင်ညိုမှ ၎င်းအဆောက်အဦကို တောင်းခံခဲ့ပြီးဖြစ်ပါကြောင်း၊ နောက်တစ်ကြိမ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်နိုင် ကယားပြည်နယ် ခရီးစဉ်တွင်လည်း ၎င်းအဆောက်အဦကို ဆောက်လုပ်ပေးရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရန် ညွှန်ကြားချက်လည်း ပေးခဲ့ပါကြောင်း၊ ဤဖြစ်စဉ်နှစ်ခုလုံး ရှိသော်လည်း ယခုထိ အကောင်အထည်မဖော်နိုင်သည်ကို ပြည်သူများမှ ဝမ်းနည်းစွာခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စု လောတလိကျေးရွာတွင် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ၏ သက်တမ်းသည် ၆၀ နှစ်ခန့် ရှိနေပါကြောင်း၊ ပြန်လည်ပြင်ဆင်ရန်လည်း မတင့်တယ်သည့်အခြေအနေတွင် တည်ရှိနေပါကြောင်း၊ လောတလိ၊ လောပိတအပါအဝင် ကျေးရွာပေါင်း ၂၀ ရွာ၊ လျှပ်စစ်ဓာတ်အားပေးရုံ သုံးရုံနှင့် တပ်ရင်းနှစ်ရင်းတို့တွင် နေထိုင်သည့် လူဦးရေပေါင်း ၁၀၀၀၀ ကျော်တို့မှာ အားကိုးရာအဓိက ဆေးကုဌာနဖြစ်ပါကြောင်း၊ ၂၆-၃-၂၀၁၅ ရက်စွဲနှင့် ဝန်ထမ်းအင်အား ၁၉ ဦးပါဝင်သည့် ဖွဲ့စည်းပုံအသစ်ကို ကုသရေးဦးစီးဌာန၏ စာအမှတ်၊ တမဘ/(က)၁၉၈၄/ ၁၂၃ ဖြင့် ခွင့်ပြုထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း အဆောက်အဦ ပုံစံအသစ်နှင့် တည်ဆောက်ခွင့် ရရှိခဲ့ပါကြောင်း၊ ၎င်း အဆောက်အဦအတွက် မိမိတို့ ကယားပြည်နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တိုက်နယ်ဆေးရုံ အဆောက်အဦ ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် ဆောက်လုပ်နိုင်ရေးအတွက် စာအမှတ်၊ ၄၆၂/၂၀၁၅/စီမံကိန်း ၅-၁၀-၂၀၁၅ ရက်စွဲနှင့်လည်း တင်ပြတောင်းခံပြီးဖြစ်ပါကြောင်း၊ ယခု ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ရှိနေရာအစား စံကိုက် အဆောက်အဦ ဆောက်လုပ်ရန်အတွက် မြေနေရာအသစ်ကို လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၏ ၂၅-၂-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၃/၁၈-၂/ဦး(၅)မ ကယားပြည်နယ်အစိုးရကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြုလုပ်သည့် ၁၅-၂-၂၀၁၆ နေ့တွင် ပြည်နယ်အစိုးရ၏ အစည်းအဝေးအမှတ်စဉ် ၆/၂၀၁၆ ဆုံးဖြတ်ချက်အပိုဒ် ၄ အရ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် မြေနေရာအဖြစ် အတည်ပြုပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောက်လုပ်ရန်အတွက်ကို မြေပုံအညွှန်းနှင့် အညီ ပုံစံ-၁၀၅ မြေနေရာ ငါးဧကကို ရရှိပြီးဖြစ်ပါကြောင်း၊ လွိုင်ကော်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၏ ၁-၃-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၄/၃၄၃/(ဦး)၆ အရ ခွင့်ပြုချက်ရရှိပြီးလည်း ဖြစ်ပါကြောင်း၊ ၎င်း အချက်အလက်များနှင့်လည်း ပြည့်စုံနေပြီဖြစ်သည့်အတွက် ၎င်း အဆောက်အဦကို ထပ်မံတလဲလဲ တောင်းဆိုနေခြင်း ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ၏ကိုယ်စား ဖွဲ့စည်းပုံ ပုံစံအသစ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် စတင်မည်နည်း၊ မရှိပါကလည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။