(င)-မင်းတုန်းမြို့နယ်တွင်းရှိမြို့နယ်ကုသရေးဆေး ရုံကြီးနှင့်တိုက်နယ်ဆေးရုံများဖြစ်ကြသောမြောက်ပြင် တိုက်နယ်ဆေးရုံ၊ကျောက်တိုင်တိုက်နယ်ဆေးရုံများ တွင်လစ်လပ်နေသောဆရာဝန်များကိုခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

khin than nuမကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကုသရေးဆေးရုံကြီးကို ၁၉၆၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မြို့နယ်ဆေးရုံကြီးအဖြစ် မြို့နယ်ကုသရေးဦးစီးမှူးတစ်ဦးနှင့် လက်ထောက်ဆရာဝန် လေးဦး စုစုပေါင်း ငါးဦးကို စာရင်းခန့် ထားခဲ့သည်ဟု သိရှိရပါကြောင်း၊ သို့သော် စတင်ခန့်ထားခဲ့သော ၂၀၀၉ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စာရင်းရှိ ဆရာဝန်ငါးဦးကို မည်သည်‌့အခါမျှ အပြည့်အဝခန့်ထားခဲ့ခြင်း မရှိပါကြောင်း၊ ယခုအချိန်တွင် မြို့နယ်ကုသရေး ဦးစီးမှူးတစ်ဦးနှင့် လက်ထောက်ဆရာဝန်တစ်ဦးဖြင့်သာ တာဝန်ယူကုသနေရသည့်အတွက် ဆရာဝန် တစ်ဦး ခရီးထွက်ခဲ့လျှင် ဆရာဝန်တစ်ဦးတည်းဖြင့် မနိုင်မနင်းကုသနေရခြင်းကြောင့် လူနာများ အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊

မိမိတို့မြို့နယ်တွင် ရပ်ကွက်လေးကွက်အပါအဝင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၈၀ ရှိနှင့် လူဦးရေစုစုပေါင်း ၆၀၀၀၀ ကျော်သည် အဆိုပါ ဆေးရုံကြီးတစ်ခုတည်းကိုသာ အဓိကထား အားထာားနေရပါကြောင်း၊ မင်းတုန်းမြို့နယ်၏ တောင်ဘက်တွင် မြောက်ပြင် တိုက်နယ် ဆေးရုံနှင့် မြောက်ဘက်တွင် ကျောက်တိုင်တိုက်နယ်ဆေးရုံများ ရှိသော်လည်း အဆိုပါဆေးရုံများတွင် ဆရာဝန် တစ်ဦးမျှ မရှိပါကြောင်း၊ မြောက်ပြင်တိုက်နယ်ဆေးရုံကို ၁၉၈၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၀ အထိကာလကိုသာ ဆရာဝန်တစ်ဦးတည်း တာဝန်ထမ်းဆောင်ခဲ့သည်ကို သိရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၌ ဆရာဝန်တစ်ဦးခန့်ထားခဲ့သည်ကို သိရှိရ သော်လည်း အဆိုပါ ဆရာဝန်ခန့်ထားခဲ့တယ်လို့ သိရသော်လည်း ခန့်ထားသည့်နေ့မှ စ၍ ဆေးပညာဘွဲ့လွန်တတ်နေဟုသိရှိရသဖြင့် မြောက်ပြင်တိုက်နယ်ဆေးရုံမှ နှစ်ကာလကြည်ရှည်စွာ ဆရာဝန် လစ်လပ်ခဲ့ပါကြောင်း၊ ထို့အတူ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်တွင် တည်ဆောက်ထား ရှိသော ကျောက်တိုင် တိုက်နယ် ဆေးရုံကြီးကိုလည်း ဆရာဝန်မရှိခြင်းကြောင့် အကျိုးမရှိနိုင်ဖြစ် နေပါကြောင်း၊ ထို့အတူ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ မြို့နယ် ကုသရေး ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများဖြစ်ကြသော မြောက်ပြင်တိုက်နယ်ဆေးရုံ၊ ကျောက်တိုင် တိုက်နယ်ဆေးရုံ များတွင် ကာလကြာရှည်စွာလစ်လပ်နေသော ဆရာဝန်များကို ခန့်ထားပေးရန် အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက လစ်လပ်နေသောဆရာဝန်များကို မည်သည့်အချိန်တွင် ခန့်ထား ပေးထားမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။