(ဃ)-တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျာက် မီးသွေးစွမ်းအင်သုံးစက်ရုံတစ်ခုချင်းအလိုက်သ ဘာဝပတ်ဝန်းကျင်ပေအကျိုးသက်ရောက်မှုအခြေ အနေပညာရှင် အဖွဲ့တစ်ရပ် ဖွဲ့စည်း၍သုတေသ နပြု ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျိုက်မရောမြို့နယ်သည် အရင်အစိုးရလက်ထက်တွင် ဘိလပ်မြေစက်ရုံ (၃) ရုံ တည်ဆောက်ခွင့် ပြုခဲ့ပါကြောင်း၊ ဒီစက်ရုံ (၃)ရုံအနက် ထိုင်းကုမ္ပဏီပိုင် Mawlamyine Cement Limited (MCL) ဘိလပ်မြေ စက်ရုံကို ဆောက်လုပ်ပြီးစီးရန် အနည်းငယ်ကျန်ပြီး လည်ပတ်ရန်အတွက် မွန်ပြည်နယ်အစိုးရထံတွင် တင်ပြထားဆဲဖြစ်ကြောင်း ကြားသိရပါသည်။ ကျန်စက်ရုံ (၂) ရုံသည် မြေပြင်အနေအထားအရ စိစစ်ဆဲဖြစ်ပါကြောင်း၊
အဆိုပါ MCL ဘိလပ်မြေစက်ရုံသည် မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တည်ဆောက်ထားပြီး တစ်နေ့ကို တန် ၅၀၀၀ ကျ နေ့စဉ် အိတ် ၁၀၀၀၀၀ ထုတ်မည့် စက်ရုံကြီးဖြစ်ခြင်းကြောင့် မြို့နယ်ဧရိယာ၏ ၂၅ ရာခိုင်နှုန်းနှင့် လူဦးရေ ငါးသောင်းကျော်ပေါ်တွင် အဆိုးအကောင်း အကျိုးသက်ရောက်မှုများ ရှိနေပါကြောင်း၊ ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှုကြောင့် လူများ၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်မည်ဖြစ်ပြီး ပျံ့လွင့်လာသည့် ကျောက်မှုန်များကြောင့် လူများ၊ စိုက်ပျိုးပင်များ၊ သောက်သုံးရေများ စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံပြည်သူများက စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်မှစပြီး စက်ရုံတည်ဆောက်ခဲ့ရာတွင် ဒေသခံပြည်သူများအပေါ် အလေးအနက်ထားပြီး ပွင့်လင်းမြင်သာသည့် ထုတ်ပြန်ကြေညာမှုများ အားနည်းခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်၊ ဧပြီလထဲတွင် ဒေသခံပြည်သူ ၃၇၀၀ ကျော်က လက်မှတ်ထိုးပြီး ၎င်း ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်ကြောင်း နိုင်ငံတော်အစိုးရထံ အဆိုပြုတင်ပြခဲ့ကြပါကြောင်း၊ ၎င်း အတိုင်း ဘိလပ်မြေစက်ရုံ လည်ပတ်ခွင့်ပြုလိုက်လျှင် ဒေသခံများဖြစ်သည့် မွန်၊ ကရင် တိုင်းရင်းသားများ၏ ဆန္ဒကို ဥပေက္ခာပြုရာ ရောက်နိုင်သကဲ့သို့ တိုင်းရင်းသားများသည် ဖိနှိပ်ခံရခြင်းဆိုပြီး အထင်လွဲမှားစရာများ ရှိလာနိုင်ပါကြောင်း၊ တစ်ဖက်ကကြည့်ပြန်လျှင်လည်း ထိုစက်ရုံကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိလာသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးများလည်း ယခင်ကထက် ပိုကောင်းလာခဲ့ပါကြောင်း၊ ဒေသခံများအတွက် လူမှုဖွံ့ဖြိုးရေးအထောက်အပံ့များ ပိုမိုရရှိလာနိုင်မည်ဟု မျှော်လင့်ရပါကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် မိမိတို့နိုင်ငံ ပြန်လည်တိုးတက်မည်ဆိုလျှင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးလှပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံများ၊ ကျောက်မီးသွေးမိုင်းများရှိပါကြောင်း၊ ၎င်း စက်ရုံများ၊ မိုင်းများကြောင့် ဒေသအလိုက် အကျိုးသက်ရောက်မှု အဆိုးအကောင်းများရှိမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အစိုးရလက်ထက်တွင် စက်ရုံများမိုင်းများ၏ အကျိုးသက်ရောက်မှုကို စနစ်တကျစိစစ်ပြီး စက်ရုံများ လည်ပတ်သင့်/မသင့်ကို ဒေသခံပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြရန်လိုမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံ တစ်ခုချင်းအလိုက် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု အခြေအနေ စိစစ်လေ့လာရေး ကျွမ်းကျင်ပညာရှင် အဖွဲ့ ဖွဲ့စည်းပြီး လေ့လာစိစစ်သုံးသပ်ချက်များ ထုတ်ပြန်ကြေညာပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါ ကြောင်းနှင့် အဆိုပါ MCL ဘိလပ်မြေစက်ရုံကရရှိလာသည့် အကျိုးအမြတ်ကို နိုင်ငံတော် နှင့် ထိုင်းကုမ္ပဏီ တို့ မည်သို့ခွဲဝေရယူရန် သဘောတူထားကြောင်း နိုင်ငံတော်အတွက် ခွဲဝေရရှိမှုအပေါ်မှ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ကျိုက်မရောမြို့နယ်၏ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်ရန် စီစဉ် လျာထားမှုများရှိ/မရှိ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။