(ခ)-မြောင်မြို့နယ်မှ မူလတောင်သူများပိုင်ဆိုင်ခဲ့ သည့် လယ်ယာမြေဧက(၄၀)ခန့်အားသိမ်းဆည်း ထားခြင်း အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ မှကွင်းဆင်းစစ်ဆေးကာဥပဒေနှင့်အညီဆုံးဖြတ် ၍ မူလတောင်သူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြောင်မြို့နယ်မှ မူလတောင်သူများ ပိုင်ဆိုင်သည့် မြေဧက ၄၀ ခန့်ကို ၁၉၇၈ ခုနှစ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်ရန်အတွက်ဟုဆို၍ သိမ်းယူခဲ့ပါကြောင်း၊ နိုင်ငံတော်မှ စီမံကိန်းပျက်သွားခြင်းကြောင့် မူလတောင်သူများထံ ပြန်လည်လုပ်စားခွင့် ပြန်ပေးခဲ့သော်လည်း ၁၉၉၄ ခုနှစ်တွင် မြို့နယ် မ.ဝ.တ အဖွဲ့မှအစိုးရ၏ လူမှုရေးအသင်းကြီးဟုဆိုကာ ထပ်မံသိမ်းယူခဲ့ပါကြောင်း၊ နစ်နာကြေး၊ လျော်ကြေးမရရှိခဲ့သည့်အတွက် လက်ရှိတွင် မြေ ၂ ဧက ခန့်ကို အဆောက်အအုံ ဆောက်ထားပြီး ကျန်မြေများမှာ ယခုအထိ အသုံးမပြုနိုင်သေးပါကြောင်း၊ မူလတောင်သူများမှ မိမိတို့မြေ များ ပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများထံ အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ၎င်းမြေများကို အဆိုပါအဖွဲ့ကြီးမှ ပုံစံ(၇) ပြုလုပ်ခဲ့ပါကြောင်း၊ မည်သည့်တောင်သူမှ သိရှိရခြင်းမရှိပါကြောင်း၊ ယခင်တာဝန်ရှိသူများက ပုံစံ(၇) ပြုလုပ်ထားခြင်းသည် ဥပဒေနှင့် ညီသည်ဟု ဆိုသော်လည်း တောင်သူများက ဥပဒေနှင့်မညီပါဟု တင်ပြလာကြပါကြောင်း၊ နစ်နာခဲ့သည့် တောင်သူများကို မြေများပြန်လည်ရရှိအောင် အမျိုးမျိုးကြိုးစားခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်ရရှိခြင်းမရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြောင်မြို့နယ်မှ မူလ တောင်သူများပိုင်ဆိုင်သည့် မြေဧက ၄၀ ခန့်အား တောင်သူများထံပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် ပြန်လည်မပေးနိုင်ပါကလည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။