(ဂ)-စေတုတ္တရာမြို့နယ်၊ဖျင်ကြီးကျေးရွာမှငဖဲ-စေ တုတ္တရာ-ဆောခရိုင်ချင်းဆက်လမ်းသို့ရာသီမရွေး သွားလာနိုင်သောမြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ဖျင်ကြီးကျေးရွာသည် စေတုတ္တရာမြို့၏ မြောက်ဘက် ၃၂ မိုင်အကွာ ဆောမြို့နယ်အစပ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါကြောင်း၊ ဖျင်ကြီးကျေးရွာဝန်းကျင်တွင် အပေါ၊ ဆင်းချောင်း-လုံးကြီးစသည့် ကျေးရွာ ၁၀ ရွာ၊ အိမ်ထောင်စု ၄၀၅ စု၊ လူဦးရေ ၁၆၇၇ ဦးရှိပြီး ချင်းတိုင်းရင်းသား ပြည်သူများ နေထိုင်ကြပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အဖက်ဖက်က နိမ့်ကျဆင်း၏ တောင်ပေါ်ဒေသလေး ဖြစ်ပါကြောင်း၊ တစ်နှစ်တွင် နွေရာသီလေးလခန့် ကားများသွားရောက်နိုင်ပြီး မိုးရာသီတစ်လျှောက်လုံး သွားလာရေး အလွန်ခက်ခဲသော ခြေလျင်ဖြင့် သွားလာကြရပါကြောင်း၊ မိုးတွင်းအခါ အရေးပေါ်ကျန်းမာရေးကိစ္စ၊ မီးဖွားကိစ္စများရှိပါက လူတန်းနှင့် ၂၅ မိုင်ခန့်ဝေးကွာသည့် လောင်းရှည်တိုက်နယ်ဆေးရုံကို ၁၀ နာရီခန့် ခြေလျင်သွားရောက်ကြရပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပွားကြရပါကြောင်း၊ အကယ်၍ ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ် ၄၂ မိုင် ၅ ဖာလုံသို့ ခုနစ်မိုင်ခန့် အကွာအဝေးကို ရာသီမရွေးသွားလာနိုင်သည့် မြေသားလမ်းဖောက်လုပ်ပေးပါက ဒေသခံပြည်သူများအတွက် အထူးအကျိုးကျေးဇူး ရှိမည်ဖြစ်ပါကြောင်း၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ ၁၁၅ ရွာရှိသည့်အနက် ကျေးရွာ ၆၀ ကျော်သည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပြီး မိုးတွင်းကာလတစ်လျှောက်လုံး သွားလာ၍မရသည့် ဒေသများဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရန်၊ ဆင်းရဲမှုလျှော့ချရန်၊ ကျေးလက်မြို့ပြကွာဟမှုလျှော့ချဖို့အတွက် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများကို ဦးစားပေးဖော်ဆောင်သင့်သော်လည်း ယခုနှစ်ဘတ်ဂျက်တွင် ကျေးလက်လမ်း မပါဝင်သည့်အတွက် စိတ်မကောင်းဖြစ်ကြရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက် လမ်း မိုင်တိုင်အမှတ် ၄၂ မိုင် ၅ ဖာလုံသို့ ရာသီမရွေးသွားလာနိုင်သော မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။