(င)-ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမုံရွာ-မော်လိုက် -ဖောင်းပြင်-ဟုမ္မလင်း လမ်းမကြီးအား မည်သည့် စီမံကိန်းရည်မှန်းချက်များ၊မည်သို့သောအစီအမံ များဖြင့် ဆောင်ရွက်နေပြီး၊ မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16
မေးခွန်း အကြောင်းအရာ 

daw cho cho winချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် မုံရွာ-ဟုမ္မလင်း-ခန္တီးလမ်းမကြီးရှိပါကြောင်း၊ အဆိုပါ လမ်းအား ဒေသအခေါ်ဖြင့် မဟာမြိုင်လမ်း(သို့) ဗျူဟာလမ်းဟုလည်း ခေါ်ဆိုကြပါကြောင်း၊ ချင်းတွင်းမြစ်သည် မုံရွာမှ ဟုမ္မလင်းအထိ ၃၃၃ မိုင်နှင့် ဟုမ္မလင်းမှ ခန္တီး အထိ ၁၃၂ မိုင် စုစုပေါင်း ရေမိုင် ၄၆၅ မိုင်ရှိပါကြောင်း၊ မုံရွာ - ဟုမ္မလင်းကားလမ်းမကြီးသည်  မုံရွာမှ ဟုမ္မလင်းကို ၄၃၀ မိုင်၊ ဟုမ္မလင်းမှခန္တီးသို့ ၁၃၁ မိုင် စုစုပေါင်း ကုန်းမိုင် ၄၇၀ မိုင်ရှိပါကြောင်း၊ ချင်းတွင်းမြစ်၏ အထက်ပိုင်း ဝဲယာတွင် မြို့နယ်ပေါင်း ၁၂ မြို့နယ်နှင့် ကျေးရွာပေါင်း  ၁၅၀၀ ရှိပြီး လူဦးရေ ၁၀ သိန်းကျော် မှီတင်းနေထိုင်ကြပါကြောင်း၊

 ချင်းတွင်းမြစ်အထက်ပိုင်းတွင်ရှိသော ဒေသခံပြည်သူလူထုအနေဖြင့် ရေလမ်းခရီးကိုသာ အဓိကထား အသုံးပြုပါကြောင်း၊ ထိုသို့ ရေလမ်းခရီးဖြင့် ခရီးသွားများနှင့် ကုန်စည်များ စီးဆင်း ရာတွင် စက်တပ်ယာဉ်ကြီးများကို  အလွန်အကျွံအသုံးပြုလာကြသည့်အတွက် ချင်းတွင်းမြစ်သည် နွေကာလတွင် ရေခန်းခြင်း၊ သောင်ထွန်းခြင်း၊  မိုးကာလတွင် ရေလျှံခြင်းများဖြစ်ပေါ်လျက် ရှိသည့်အပြင် စည်းကမ်းမဲ့မောင်းနှင်ခြင်းများကြောင့် ကမ်းနားမြေပြိုများသည် တစ်နှစ်ထက် တစ်နှစ်ဆိုးဆိုးရွားရွားပေါ်လာသည်ကိုတွေ့ရှိရပါကြောင်း၊

မုံရွာ-ဟုမ္မလင်းကားလမ်းမကြီးသည် နှစ်ပေါင်း ၃၀ ကျော်ကပင် အသုံးပြုခဲ့ပြီး ပြည်သူ့ ဘဏ္ဍာငွေ များကို ဘီလီယံနှင့်ချီ သုံးစွဲခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ ရာသီမရွေး သွားလာနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ရေလမ်းကိုသာ အဓိကအားထားအသုံးပြုလျက်ရပါကြောင်း၊ ထိုသို့ ရေလမ်းကို အဓိကအားထားရအသုံးပြုရာတွင် ကုန်မော်တော်များ၊ လူစီးအမြန်ယာဉ်များအနေဖြင့် မတန်တဆ တင်ဆောင်ခြင်းများကြောင့် ရေယာဉ်များ တိမ်းမှောက်ခြင်းများကို ကြုံတွေ့ရပါ ကြောင်း၊ အကယ်၍ မုံရွာ-ဟုမ္မလင်း ကားလမ်းမကြီးကိုသာ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် စနစ်တကျတည်ဆောက်ပြီး အရည်အသွေးမြင့်မားစွားနှင့် လုံခြုံစိတ်ချရသည့် လမ်းအဖြစ် တည်ဆောက် ပေးနိုင်မည်ဆိုပါက ရေလမ်းအသုံးပြုမှုကိုလည်း လျော့နည်းလာ မည်ဖြစ်ပြီး မြစ်ကြောင်း ထိန်းသိမ်းရာရောက်သည့်အပြင် ပြည်သူ့ဘဏ္ဍာများကိုလည်း ချွေတာရာ ရောက်မည်ဖြစ်ပြီး အချိန်လည်း အများကြီးသက်သာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်းမကြီးကို အဆင့်မြင့် ရာသီမရွေးသွားလာနိုင်သည့်လမ်းဖြစ်ရန် အရေးတကြီးလိုအပ်နေ ပါကြောင်း၊

ထို့ကြောင့် မုံရွာ-ဟုမ္မလင်းကားလမ်းမကြီးကို မည်သည့်စီမံကိန်းရည်ရွယ်ချက်များ၊ မည်သည့်အစီအမံများဖြင့် တည်ဆောက်နေသည်နှင့် မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။