(ဇ)-ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိဝန်ထမ်း များ၏အပြောင်းအရွှေ့ဆိုင်ရာမူဝါဒအားတရားမျှတ မှုနှင့် ဘက်လိုက်မှုကင်းစွာ စီမံထားခြင်းရှိ/မရှိ သိ လိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ဒေါက်တာဦးထွန်းလင်းမော် (ကြံခင်း)ယင်းကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အလုပ်ခွင်တွင် မပျော်ပိုက်ခြင်း၊ စွမ်းဆောင်ရည်ကျဆင်းခြင်း၊အလုပ်မှထွက်စာတင်ခြင်း၊အလုပ်မှထုတ်ပယ်ခံရခြင်းစသည့် အချက်များထဲတွင် အဓိကကျသည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည့် ဝေးလံခေါင်းပါးသော ဒေသများသို့ သွားရောက်တာဝန် ထမ်းဆောင်မည့် သူနည်းပါးခြင်း၊ သွားရောက်လိုခြင်းမရှိခြင်း အပြောင်း အရွှေ့မူဝါဒများ၏ မမျှတမှုများ ဖြစ်နေသည်ကို တွေ့မြင်နေရသောကြောင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဝေးလံခေါင်းပါးဒေသများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် လစာနှစ်ဆပေးခြင်း သည် အဓိကဖြေရှင်းနည်းမဟုတ်ပါကြောင်း၊အပြောင်းအရွှေ့စနစ်ကိုသာ စနစ်တကျမှန်ကန်စွာ လုပ်ဆောင်ပေးမည်ဆိုပါက ဝန်ထမ်းများအနေဖြင့် အလှည့်ကျစနစ်ကို လက်ခံကျင့်သုံး လိုက်နာနိုင် မည် ဖြစ်ပါကြောင်း၊

သို့သော်လည်း အပြောင်းအရွှေ့မူဝါဒကြောင့် ကျွမ်းကျင်ဝန်ထမ်းများ အလုပ်မှနုတ်ထွက်ခြင်း၊ ထုတ်ပယ်ခံရခြင်းတို့သည် ပြည်သူလူထုနှင့် တိုင်းပြည်အတွက်၊ သက်ဆိုင်ရာဝန်ကြီးဌာနအတွက်ပါ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ယခင်နှစ်ပေါင်းများစွာမှ ယနေ့အချိန်ထိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ရင်းနှီးကျွမ်းဝင်သော တချို့ ဝန်ထမ်းများ သည်  နေရာကောင်းများတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ရခြင်း၊ ပြောင်းရွှေ့သောအခါတွင်လည်း နေရာကောင်းများတွင်သာ လှည့်ပတ်ပြောင်းရွှေ့နေရခြင်းများ လည်း တွေ့ရှိရပါကြောင်း၊

ဝန်ထမ်းအပြောင်းအရွှေ့နှင့်ပတ်သက်၍ စည်းကမ်းဥပဒေများအတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်မှုများမှာ အားနည်းချက်များရှိနေခဲ့ပါသောကြောင့် ယခုပြည်သူ့အစိုးရ လက်ထက်တွင် အဂတိကင်းသော၊ ဘက်လိုက်မှုကင်းသော၊ မှန်ကန်သော ပြောင်းရွှေ့မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် စီမံထား ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။