(င)-ငါးမွေးမြူရေးလုပ်ငန်းအပါအဝင်မွေးမြူရေးသုတေ သနဦးစီးဌာနတစ်ခုဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး ကဏ္ဍကြီးသုံးခုသည် အရေးပါသည့် အဓိကကဏ္ဍသုံးခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဘက်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအမည်ဖြင့်  ရေဆင်း တွင် ရှိပါကြောင်း၊၎င်းဌာနကို ၁၉၅၄ ခုနှစ် တွင် အင်းစိန်၊ ကြို့ကုန်းတွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ စိုက်ပျိုးရေးတက္ကသိုလ် ရှိ ရေဆင်း သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပါကြောင်း၊ ဆန်စပါးဆိုင်ရာ သုတေသနလုပ်ငန်းနှင့် အခြားသီးနှံများဖြစ်သည့် ကြံသီးနှံများ၊ ပြောင်း၊စပ်မျိုး ပြောင်းသီးနှံများ နှင့် စက်မှုကုန်ကြမ်းသီးနှံများ စသည်ဖြင့် သုတေသန လုပ်ငန်းများ၏ တွေ့ရှိချက်များကို အခုကဲ့သို့ စာအုပ်များထုတ်ပြီး ရေငတ်ဒဏ်/ရေဝပ်ဒဏ် နှင့် ရေငန်ဒဏ်ခံနိုင်သည့်စပါးများ စသည်ဖြင့် သီးနှံပေါင်းစုံ၏ သုတေသန ကို တောင်သူများကိုစာအုပ်ကမ်းပါကြောင်း၊၎င်းဌာနသည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် တစ်ဝင်းထဲမှာရှိပြီး စိုက်ပျိုးရေးတက္ကသိုလ်၏ မဟာသိပ္ပံသင်တန်း၊ ပါရဂူသင်တန်းများ၊ သုတေသန လုပ်ငန်း များ ကိုလည်း ကောင်းစွာအကျိုးပြုပါကြောင်း၊ထို့အတူ သစ်တောဌာနရှိ သစ်တောဦးစီးဌာနလက်အောက်တွင် သစ်တောသုတေသနဌာနရှိပါကြောင်း၊ သစ်တောနှင့် ဆိုင်သည့် ဆေးဖက်ဝင် အပင်များ၊ ရေအသုံးချမှုများနှင့်  တခြားသစ်နှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလုပ်ကိုင်သည့်အတွက် သစ်တောကျောင်းသားတွေ၏ သုတေသနလုပ်ငန်း များကို လည်း တစ်ဖက်မှအကူအညီပြုပါကြောင်း၊ သို့သော် မွေးမြူရေးတက္ကသိုလ်သည် အင်းစိန်မှ ရေဆင်း သ့ို ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ပြောင်းလာသော်လည်း သုတေသနဌာနသည် အင်းစိန်တွင် ကျန်ခဲ့ပါကြောင်း၊ထို့ကြောင့် မိမိသိလိုသည်မှာ  စိုက်ပျိုးရေး၊ သစ်တောတက္ကသိုလ်မှ ကျောင်းသားများ သုတေသနဆိုင်ရာလုပ်ငန်းများကို ကူညီနိုင်သကဲ့သို့ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ ၊သုတေသန လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ရေဆင်းတွင် မွေးမြူရေးဆိုင်ရာသုတေသန ဌာနဦးစီးတစ်ခု ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းနှင့်  မိမိ၏ကျိုက်လတ် မဲဆန္ဒနယ်နှင့် မအူပင်တွင် ငါးလုပ်ငန်းများ ယခုဆိုလျှင် ငါးရံ့သားတိုးစမ်းသပ် မွေးမြူ နေပါကြောင်း၊  ငါးများအတွက် သုတေသနစာတမ်းများ မရှိပါကြောင်း၊ထို့ကြောင့် ငါးလုပ်ငန်း၊ ရေချို၊ ရေငန်ငါး အပါ အဝင် မွေးမြူရေးဆိုင်ရာ သုတေသန ဦးစီးဌာနတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။