(က)-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နယ်နိမိတ်တိုင်းတာမှုမပြီးပြတ်သေးသောနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်းပြီး တိုင်းတာသတ်မှတ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတွင် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်တို့ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မိုင် ၈၀ ခန့် ကျောက်တိုင်ကိုးတိုင် ကျန်ရှိနေပါကြောင်း၊ ထိုင်းနိုင်ငံမှ ၁၃၁၈ မိုင်ရှိသည့် အနက် မဲဆိုင်-မဲဟောက်ချောင်း ၃၆ မိုင်မှလွဲပြီး တိုင်းတာမှုမရှိသေးပါကြောင်း၊ နိမိတ်သတ်မှတ်မှုကို လွတ်လပ်ရေးရပြီး ချိန်မှစ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကာလအထိသာ ဆောင်ရွက်နိုင်ခဲ့ပြီး တပ်မတော်အစိုးရကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ သမ္မတကြီး ဦးဆောင်သည့် အစိုးရကာလတွင် ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်သွယ်နိုင်သည့် လမ်း ဖောက်လုပ်ရန် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ထီးခီးနှင့် ထိုင်းနိုင်ငံဘက်က ဖူးနာမ်းရွန်း ဒေသတွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးကို ကိုက် ၁၀၀၀ ခန့်မျှဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် တိုင်းတာသတ်မှတ်ရန် ကျန်ရှိနယ်နိမိတ်များကို ပြီးစီးအောင် တိုင်းတာသတ်မှတ်ရေးသည် လက်ရှိအစိုးရအတွက်နှင့် နောင်လာမည့် မျိုးဆက်များအတွက် ကောင်းမွန်သည့် အနာဂတ်ကို ထားရှိနိုင်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနယ်နိမိတ်မှ ကျောက်တိုင်ကိုးတိုင် ညှိနှိုင်းသတ်မှတ်ရေးကိစ္စသည်လည်း အရေးကြီးပါကြောင်း၊ နောက်ပိုင်းတွင် O7 တောင်ကုန်းကိစ္စ၊ လွယ်ဒန်းဒေသကိစ္စ၊ သောင်ရင်းမြစ်ကြောင်း နယ်နိမိတ်ကိစ္စ၊ ပါချန်မြစ်ချောင်း နယ်နိမိတ်ကိစ္စ၊ ဘုရားသုံးဆူနယ်နိမိတ်ကိစ္စနှင့် ကျွန်းသုံးကျွန်းပိုင်ဆိုင်မှုများသည် နှစ်နိုင်ငံအကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းချိန်မှာ ဆောင်ရွက်သင့်ပါကြောင်း၊
ဇွန်လ ၂ ရက်နေ့မှ မေးမြန်းခဲ့ပြီး State Counsellor ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး Joint Boundary Committee ကို မကြာမီ မြန်မာနိုင်ငံတွင်ကျင်းပမည်ဟု သိရှိရ၍ ဝမ်းသာပါကြောင်း၊ မြန်မာ နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ်ရန်အတွက် အသက်၊ သွေး၊ ချွေးများကို မြောက်မြားစွာပေးဆပ်ခဲ့ ပါကြောင်း၊ ထီးခီးနှင့် ဖူးနာမ်းရွန်းဒေသတိုင်းတာ သတ်မှတ်နိုင်ရန်အတွက် လေးလမှနေခြောက်လကြား အချိန်ယူပြီး ဆောင်ရွက်ခဲ့ရပါကြောင်း၊ မိမိမေးမြန်းလိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အနေဖြင့် နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးကိစ္စများကို မပြီးပြတ်သေးသည့် နိုင်ငံများနှင့် သံတမန် လမ်းကြောင်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်းပြီး တိုင်းတာသတ်မှတ်ရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။