(က)-ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ်တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသည် ဒေသခံရပ်မိရပ်ဖပြည်သူများက ၁၉၈၆ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးဖြင့် စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ခြင်း ဖြစ်သည့်အတွက် စံကိုက် ဆေးရုံအဖြစ် မပြည့်စုံသော်လည်း ဒေသခံပြည်သူများက အားကိုးအားထားရသော ဆေးရုံတစ်ရုံအဖြစ် လည်း ရှိပါကြောင်း၊ ပတ်ဝန်းကျင်ဆက်စပ်ဆေးရုံများဖြစ်သည့် ဘန့်ဘွေးကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာ အုပ်စု၊ နားသံကျေးရွာအုပ်စု(တောင်ဘက်ခြမ်း)၊ ပုန်းအင်းကျေးရွာအုပ်စု၊ ပါလောပါကယ်ကျေးရွာအုပ်စု (မြောက်ဘက်ခြမ်း) တွင် နောင်မွန်ကျေးရွာအုပ်စုတို့မှ မိဘပြည်သူများက အဓိကအားထားနေရသကဲ့သို့ ခ.မ.ရ (၄၂၅)၊ (၄၂၆) တပ်ရင်းနှစ်ရင်းလည်း တည်ရှိနေပါကြောင်း၊ အဆိုပါဆေးရုံကို ခန့်မှန်းလူဦးရေ ၄၀၀၀၀ ကျော်ခန့် မှီခိုအားထားနေရပါကြောင်း၊ ယခုအခါ တိုးတက်များပြားလာသော လူဦးရေနှင့်အတူ ကျန်းမာရေးကုသမှုတွင် ဆေးရုံကိုအားကိုးအားထားမှု များလာသော်လည်း အောက်ခြေဝန်ထမ်းခွင့်ပြု ခြောက်ဦးဖြစ်သော်လည်း ယခင် မိမိမေးခွန်းတင်စဉ်က တစ်ဦးမှမရှိသေးသော်လည်း လွန်ခဲ့သည့် နိုဝင်ဘာလတွင် နေ့စားဝန်ထမ်းလေးဦး ခန့်ထားပြီးသည်ဟု သိရှိရပါကြောင်း၊ ၎င်းဆေးရုံတွင် ဓာတ်မှန် စက်၊ ဓာတ်မှန်ခန်း မရှိခြင်းကြောင့် ဓာတ်မှန်ရိုက်ရန်အတွက်လိုအပ်ပါက တောင်ဘက် ၂၁ မိုင်ဝေးကွာ သည့် ဆီဆိုင်မြို့ဆေးရုံသို့ သွားရောက်ရိုက်ကြရသဖြင့် အခက်အခဲများကြုံတွေ့နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နားရက်တွင် မဲဆန္ဒရှင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံသည့်အခါ မဲဆန္ဒရှင် ပြည်သူများက တင်ပြတောင်းဆိုမှုအရ ဘန်းယဉ်တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် ပြန်လည် တည်ဆောက်ပေးနိုင်ပါရန်နှင့် စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သို့မဟုတ် လက်ရှိလိုအပ် လျက်ရှိသော ဆေးစတိုဆောင်၊ ဓာတ်မှန်အဆောက်အအုံနှင့် ဓာတ်မှန်စက်၊ ဆေးစွန့်ပစ်ပစ္စည်းမီးရှို့ ဆောင်၊ လူနာနားနေဆောင်၊ မီးစက်အဆောက်အအုံ၊ လူနာရေချိုးဆောင်နှင့် ရေစင်တို့ကို မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။