(င)-ပြည်ထောင်စုအစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုများတွင် ပြည်သူလူထု ပိုမိုအားထားလာသော မျက်စိအထူးကုဆေးရုံကြီး (YANGON EYE HOSPITAL) အား ဆေးရုံအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်လမ်းမှာတည်ရှိ မျက်စိအထူးကုဆေးရုံကြီး (YANGON EYE HOSPITAL) က ဗဟိုအဆင့်မြင့်ပင်မ ဆေးရုံကြီးတစ်ခုဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ် ကလာရောက်ပြီး မျက်စိရောဂါအမျိုးမျိုး ကုသပြသကြသည့် သူများသည် တစ်နှစ်ထက် တစ်နှစ်အတွင်း လူနာဌာန၊ အပြင်လူနာဌာနတွင် ပိုမိုများပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ အပြင်လူနာဌာနတွင် လာရောက်ပြသကြသည့် လူနာများသည် နှစ်အလိုက်ကုသမှု များပြားလာခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ၉၀၀၀၀ ကျော်အထိ ဖြစ်လာပါကြောင်း၊ ယခုလို များပြားလာသည့်အတွက် ပြင်ပလူနာဌာနကို တိုးချဲ့ရန်လိုအပ်လာသည်ကို တွေ့ရပါကြောင်း၊ ထို့နောက် လူနာကြည့်ရှုရမှုနှင့် ပတ်သက်ပြီး ပြသမည့်သူ များပြားလာသည့်အတွက်၊ နေရာချထားမှု အခက်အခဲများ ဖြစ်ပေါ်လာသည့်အပြင် ဆေးရုံ၏ ပြင်ပလူနာဌာနရှေ့တွင်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများအတွက် ထပ်မံတိုးချဲ့ရန် လိုအပ်ပါကြောင်း၊ နှစ်အလိုက် လူနာကြည့်ရှုရမှုကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် ကိန်းဂဏန်းများအရ ပြန်လည်ကြည့်မည်ဆိုလျှင် လူနာပြသမှု အရေအတွက်က နှစ်ဆအထိတိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ခွဲစိတ်ခန်းတွင်ရှိသည့် စောင့်ဆိုင်းနေရသည့် လူနာများကိုလည်း တာဝန်ကျဆရာ/ဆရာမများက ကုသသည့်အခါ ညအချိန်အထိပါ အချိန်ယူပြီး ကုသရခြင်းဖြစ်လာသည့်အတွက် တာဝန်ကျဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများလည်း မနိုင်ဝန်ထမ်းနေရပါကြောင်း၊ ဓာတ်ခွဲခန်းကလည်း ငါးခန်းသာရှိသည့်အတွက် ခွဲစိတ်ခန်းများကို ထပ်မံတိုးချဲ့ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ မျက်စိစမ်းသပ်ရေးနှင့်ပတ်သက်သည့် အဆင့်မြင့်တန်ဖိုးကြီး စက်ကိရိယာများထဲတွင် မျက်စိခွဲစိတ်ကုသ ရာတွင်သုံးသည့် Megatrom စက်ဆလျှင် အမေရိကန် ဒေါ်လာ ၆၀၀၀၀ ကျော် တန်ဖိုးရှိပါကြောင်း၊ ယခုလိုစက်ကိရိယာများ စနစ်တကျထားနိုင်ရန်အတွက် နေရာအလုံအလောက် ရှိရန်ထပ်မံပြီး ဆေးရုံကြီးကို အဆင့်မြင့်တိုးချဲ့ရန်လည်း လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုမှ အားထားမှုပိုမိုများပြားလာသည့် မျက်စိဆေးရုံကြီး (YANGON EYE HOSPITAL) ကို အဆင့်မြှင့်တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တိုးချဲ့ပေးနိုင် မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။