(ဃ)-မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ အန္တရာယ်ရှိအဆောက်အဦအား ဖျက်သိမ်း၍ အဆောက်အဦသစ် ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-16

မြန်အောင်မြို့နယ်တွင်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေး ကုဌာနမြန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက် ဘလင်ကျောင်းကြီးလမ်းနှင့် ဇေယျာသီရိ ဘုရားလမ်းဆုံရာ အမှတ် (၁) အ.ထ.က ကျောင်းနှင်‌့ရှေးဟောင်းသမိုင်းဝင် မင်းကံကြီးရေကန် အနီးတွင် ဆက်စပ်တည်ရှိနေပါကြောင်း၊ အဆောက်အဦတွင် (အလျား ၃၀ ပေ x အနံ ၃၀ ပေ x အမြင့် ၃၀ ပေ) ရှိသော သစ်သားအုပ်ညှပ်တစ်ထပ် အမျိုးအစားအဆောက်အဦ ဖြစ်ပါကြောင်း၊ ပြည်သူ့ထည့်ဝင် ငွေကျပ်သိန်း ၄၀ ကျော်၊ ဌာနထည့်ဝင်ငွေ သိန်း ၂၀ ကျပ်ဖြင့် ၂၅-၁-၂၀၀၅ ရက်နေ့မှ စတင်‌ဆောက်လုပ်ခဲ့ပြီး ယခုအခါ အဆောက်အဦသက်တမ်းမှာ ၁၀ နှစ်ကျော်ခန့် ရှိလာပြီဖြစ်ပါကြောင်း၊ ဆောက်လုပ်စဉ်က မပြည့်စုံမှုကြောင့် ပတ်လည်နံရံများ အတွင်း/အပြင် ဆက်စပ်ကွဲအက်ခြင်း၊ အဓိကတိုင်နေရာများ ကွဲအက်ချို့ယွင်းခြင်း၊ အခင်းကွန်ကရစ်သားများ ကျိုးပေါက်ပျက်စီးခြင်းများ အဆောက်အဦအနှံ့ဖြစ်ပေါ်လျက် ဥပဓိရုပ်ပျက်စီးပြီး အန္တရာယ်ရှိ အဆောက်အဦ တစ်ခုဖြစ်နေပါကြောင်း၊ ရာသီဥတုနှင့်သဘာဝ ဘေးအန္တရာယ်အတွက် အထူးစိုးရိမ်ရသော န္တရာယ်ရှိသည့်အတွက် အများပြည်သူဆိုင်ရာ အဆောက်အဦတစ်ခု ဖြစ်နေပါကြောင်းနှင့် ၎င်းမြို့နယ်တိုင်းရင်းဆေးကုဌာနက မြန်အောင်မြို့နယ်တွင် တစ်ခုတည်းသော တိုင်းရင်းဆေးကုဌာနဖြစ်ပြီး ဒုတိယတိုင်းရင်းဆေးမှူးမှ မြို့နယ်တိုင်းရင်းဆေးမှူးအဖြစ် တာဝန်ယူရပြီး ဆေးခန်းအကူတစ်ဦးဖြင့် ဆေးဝါးကုသဝန်ဆောင်မှုပေးနေရသော မြို့နယ်အဆင့် ဆေးကုဌာန ဖြစ်ပါကြောင်း၊ မြန်မာ့ဆေးကုသခြင်းအတွက် ပြည်သူများအားကိုး အားထားပြုရာ မြန်မာ့တိုင်းရင်းဆေးဝါးများ အခိုင်အမာရပ်တည် ဖြန့်ဖြူးရာဌာန အဆောက်အဦ ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာကုထုံးများဖြင့် ထည်ဝါစွာကုသပေးသော ဌာနတစ်ခု၏ ဂုဏ်ဒြပ်နှင့်အညီ လိုက်လျောညီထွေရှိသော အဆောက်အဦ တစ်ခုဖြစ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အဦ၏ ဥပဓိရုပ် ဆုတ်ယုတ်နိမ့်ကျမှုသည် တိုင်းရင်းဆေးကုသမှု၏ အရှိန်အဝါကို ထိခိုက်စေမည် ဖြစ်ပါသောကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုသဌာန၏ အန္တရာယ်ရှိအဆောက်အဦအား ဖျက်သိမ်း၍ အဆောက်အဦသစ်ချထား ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။