(ဃ)-မကွေးမြို့နယ်အတွင်းရှိ သမိုင်းဝင်ကွေ့ချောင်းခံတပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက် လေ့လာနိုင်ရန် ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကွေ့ချောင်းခံတပ်ကြီးသည် မကွေးမြို့၏ အောက်ဘက် ၁၂ မိုင်အကွာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ပဌနဂိုရ်ရွာနှင့် တောင်တွင်းကြီး-မကွေး ကားလမ်းပေါ်ကို ဆက်သွယ်ထားသော လမ်းအတိုင်းဝင်ရောက် သွားလာရခြင်းဖြစ်သည်ကို လူတိုင်းမသိကြပါကြောင်း၊ မြေနီကျောက်စရစ် ၁၂ ပေလမ်းသာရှိခြင်းကြောင့် ကားကလေးများ ဝင်ရောက်ရန်မလွယ်ပါကြောင်း၊ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ မဖြစ်မီ မင်းတုန်းမင်းကြီး၏ လမ်းညွှန်မှု၊ ကနောင်မင်းသားကြီး၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ဧရာဝတီမြစ်ကမ်းပေါ်တွင် ခံတပ်ကြီးနှစ်ခုကို ဓားလွယ်ကုတ် အနေအထား တည်ဆောက်ခဲ့ပါကြောင်း၊ ၎င်းခံတပ်ကြီးနှစ်ခုမှာ မြစ်အနောက်ဘက် မင်းလှခံတပ်နှင့် မြစ်အရှေ့ဘက် ကွေ့ချောင်းခံတပ်တို့ဖြစ်ပါကြောင်း၊ ထိုခံတပ်ကြီးနှစ်ခုသည် အင်္ဂလိပ်ရေတပ်များ၊ သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်း ကျူးကျော်လာပါက ဟိုဘက်ဒီဘက်ညှပ်ပြီး ပစ်ရန် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ စင်ကျုံးကြီးများ၊ စစ်တန်းလျားများ၊ ယမ်းတိုက်ကြီးများ၊ တောင်ကုန်းကြီးကို ဖောက်ပြီးတည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့သမိုင်းတွင် သမိုင်းတန်ဖိုး၊ ဇာတိမာန်တန်ဖိုး၊ ဗိသုကာတန်ဖိုးရှိသည့် နေရာကြီးသို့ ဝင်ရောက်လေ့လာရန် ကတ္တရာလမ်းအဖြစ် တည်ရှိမနေဘဲ လူမသိ၊ သူမသိ တိတ်ဆိတ်ခြောက်ကပ်နေသည့် နေရာကြီး ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကွေ့ချောင်းခံတပ်ကို လူသိများအထင်အရှားဖြစ်လာရအောင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။