(ခ)-ပေါက်တောမြို့နယ် တာင်ပိုင်းပင်လယ်ကမ်းစပ် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်လျက် ရှိကြသော ပြည်သူများ၏ အသက်အန္တရာယ်ကို လတ်တလောကာကွယ်ပေးနိုင်ရန် အလို့ငှာ လေဘေးဒဏ်ခံ အဆောက်အဦ (Cyclone Shelter) (၃)လုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

ပေါက်တောမြို့နယ်သည် လူဦးရေ ၁၈၅၀၀၀ ၊ ဧရိယာ ၄၁၃ စတုရန်းမိုင်ရှိသည့်အတွက် မြို့နယ်ကြီး တစ်ခုဖြစ်ပါကြောင်း၊ စစ်တွေမြို့နှင့် ၁၆ မိုင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံမြို့နယ်များနှင့် နယ်နိမိတ် ခြင်း ထိစပ်နေသည့်အပြင် ဘင်္ဂလားပင်လယ်အော်၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဟန်းတာပင်လယ် အော် ကမ်းစပ်တွင် တည်ရှိပါကြောင်း၊  ပဒမ်မြစ်ဝှမ်းဒေသဖြစ်သည့်အတွက်ကြောင့်လည်း မြေနိမ့်ပြီး ရေပြင်အထက် ၁၁ ပေသာမြင့်သောကြောင့် မုန်တိုင်းအန္တရာယ်ကို အမြဲတမ်းကြုံတွေ့နေရ ပါကြောင်း၊ ၁၉၆၈ ခုနှစ် ရခိုင်လေမုန်တိုင်းကြီးနှင့်၂၀၁၀ ခုနှစ် နာဂစ်မုန်တိုင်းကြီး အပါအဝင် မုန်တိုင်းကြီး လေးကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် လူဦးရေ ၁၀၃၈ ဦး သေဆုံးခဲ့ပြီး ၊ လူနေအိမ်အပါအဝင် ပစ္စည်း ဆုံးရှုံးမှု ၂၃၅၅၆.၄ သန်း ရှိပါကြောင်း၊ ထိုစဉ်က သစ်လုံးကြီးများနှင့် အခိုင်အမာဆောက်ထားသည့် ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံခဲ့ရသည့်အတွက် အသက်အန္တရာယ်ကျရောက်မှုနည်းပါးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အဦတည်ဆောက်မည့်နေရာများမှ ချောင်းဆောက်ကျေးရွာ၊ သစ်ပုတ်ကျေးရွာနှင့် ပုဏ္ဏားကြီးကျေးရွာ သုံးရွာဖြစ်ပါကြောင်း၊ ၎င်းရွာများသည်အစဉ်အလာအရ လေမုန်တိုင်းဒဏ်အများဆုံးခံရသည့်ကျေးရွာများ ဖြစ်ပါကြောင်း၊  ၁၉၆၈ ခုနှစ် လေမုန်တိုင်းကျ ရောက် စဉ် ရေမျက်နှာပြင်အထက် ခြောက်ပေအထိအောင် ရေတက်ခဲ့သည့်အတွက် ပြေးစရာမြေမရှိ၊ စားစရာ ဆန်၊ ရေ မရှိဖြစ်ခဲ့ရပြီး အားလုံးနှင့် နှစ်ရက်ခန့် အဆက်အသွယ်ပြတ်ခဲ့ရပါကြောင်း၊ တောရော၊ မြို့ပါပြည်သူများ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရပါကြောင်း၊ အခုပေါက်တော မြို့နယ်တစ်ခုလုံးတွင် အသက်ကယ်ဆယ်ရေးကန် နှစ်ကန်၊ အသက်ကယ်ကုန်းတစ်ကုန်းနှင့် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက်အဦတစ်လုံးသာရှိပါကြောင်း၊  မြို့နယ် အနှံ့အလားတူအန္တရာယ်ကျရောက်နိုင်သည့် ဒေသ များ အများကြီးရှိသော်လည်းပဲ ဦးစားပေးအစီအစဉ် အလိုက် ရွေးချယ်တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ပေါက်တောမြို့နယ်တောင်ပိုင်း ပင်လယ်ကမ်းစပ်မြေနိမ့် ဒေသများမှာ နေထိုင်လျက်ရှိသော ပြည်သူများ၏အသက်အန္တရာယ်ကို လတ်တလောကာကွယ် ပေးနိုင်ရန် အတွက် လေဘေးဒဏ်ခံ အဆောက်အဦ Cyclone Shelter သုံးလုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍ သိလိုပါကြောင်းမေးမြန်းပါသည်။