(ဃ)-တောင်ညိုချောင်း၊ နတ်တောင်ချောင်းနှင့် တခွန်တိုင်ချောင်းများ တိမ်ကောမှုကြောင့် ကျေးရွာများနှင့် လယ်ယာမြေများအတွင်း ရေတိုက်စားကမ်းပြိုမှုများ ဖြစ်ပေါ်ပြီး ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ပဲခူးရိုးမကို အခြေခံထားသည့် ရွာများစု ဖြစ်သည့်အတွက် တောင်ခြေနှင့်ဆက်စပ်နေသော ရွာများဖြစ်ပါကြောင်း၊ ပဲခူးရိုးမကိုအခြေပြုပြီး မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ချောင်းအများစုသည် နှစ်စဉ်ပြုပြင်မှုနည်းပါးခြင်း၊ သဲသောင်များ မြင့်တက်လာခြင်းကြောင့် ချောင်းများ တိမ်ကောနေပါကြောင်း၊ ရိုးမပေါ်မိုးများပြီး တောင်ကျရေ စီးဆင်းတိုင်း ပြည်သူလူထုမှာ ဒုက္ခရောက်ကြရပါကြောင်း၊ ရေကြီးရေလျှံမှုများကြား ကမ်းပါးများပြိုကျခြင်း၊ လူနေအိမ်ခြေများ တိုက်စားပြိုကျ မျောပါသွားခြင်း၊ အသက်အန္တရာယ်များ ကြုံတွေ့ရခြင်း၊ ကျွဲနွားများ၊ အိမ်မွေးတိရစ္ဆာန်များ မျောပါပျောက်ဆုံးခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများကြောင့် ဒုက္ခရောက်ကြခြင်း၊ ပြည်သူ့ငွေဖြင့် ဆောင်ရွက်ထားသည့် လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးနေမှုများကို နှစ်စဉ်ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရေကြီးမှုများကို ကာကွယ်ရန်အတွက် သက်ဆိုင်ရာ ဌာနများ၊ တာဝန်ရှိသူများနှင့် ကွင်းဆင်းပြီး လိုအပ်ချက်များကို နေပြည်တော်ကောင်စီသို့ အဆင့်ဆင့် တင်ပြထားခြင်း ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြစ်ချောင်းများကို ပြုပြင်နိုင်ရန်အတွက် မြစ်ချောင်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မရှိပါကြောင်း၊ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနကို တိုက်ရိုက်တင်ပြမှုလည်း ရှိပါကြောင်း၊ မြစ်ချောင်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြစ်ချောင်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကွင်းဆင်းပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး လိုအပ်သည့် ကိစ္စအဝဝကို လိုက်လံစစ်ဆေးတိုင်းတာထား ခြင်းများလည်းရှိသည့်အတွက် အဆင့်ဆင့် တင်ပြမှုလည်း ရှိခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး တင်ပြခဲ့သော်လည်း ခွင့်ပြုငွေ မရခဲ့ပါကြောင်း၊ ပြည်ထောင်စုသီးသန့် ရန်ပုံငွေ တင်ပြသော်လည်း မရခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းတွင် တင်ပြသော်လည်း ဖြည့်စွက်ရန်ပုံငွေတွင်လည်း မပါခဲ့သည့်အတွက် ၁၆-၁-၂၀၁၈ ရက်နေ့တွင် အရေးပေါ်ရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ရှင်းပြသွားသည့် အထဲတွင်လည်း နေပြည်တော်ကောင်စီ၏ လုပ်ငန်းခြောက်ခုထဲတွင် ဥတ္တရသီရိမြို့နယ်အတွက် နှစ်ခုပါပါကြောင်း၊ လုပ်ငန်းနှစ်ခုဆောင်ရွက်ပေးသည်ကို ဝမ်းသာသော်လည်း ကျန်သည့်လုပ်ငန်းများကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။