(စ)-မကွေးတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်၊ သရက်ခရိုင်ဘဏ်ခွဲ အဆောက်အဦသည် နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့်ခြင်း၊ အန္တရာယ်ရှိသည့်အတွက် အဆောက်အဦအသစ် တည်ဆောက်ခွင့်ပြုပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာ့စီးပွားရေးဘဏ်၊ သရက်ခရိုင်ဘဏ်ခွဲသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ် အနောက်ဘက်တွင် တည်ရှိပြီး သရက်မြို့ဈေးရပ်ကွက် ကုန်သည်လမ်း၌ ၁၉၇၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ခရိုင်ဘဏ်ခွဲဖြစ်သည့်အလျောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုယ်စား လက်အောက်ခံမြို့နယ် ဘဏ်ခွဲငါးခု၏ငွေကြေး ကိုယ်စားလှယ်ဘဏ်ခွဲအဖြစ်လည်းကောင်း၊ လစဉ်မြို့နယ်ဘဏ်ခွဲ ငါးခု၏ ငွေကြေးနှင့်စာရင်းများ မှန်ကန်မှုကိုလည်းကောင်း ထိန်းကျောင်းဆောင် ရွက်ရပါကြောင်း၊ သရက်ခရိုင်ဘဏ်ခွဲတွင် အစိုးရဌာနများ၏ ငွေစာရင်းများ၊ ပြည်သူလူထုတို့၏ အပ်နှံငွေများ၊ စုဆောင်းငွေများ၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွင့်ဖြိုးတိုးတက်စေရန် ပြည်သူများသို့ ပုဂ္ဂလိကချေးငွေ ထုတ်ချေးခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း၊ ဒေသတွင်းဘဏ္ဍာငွေလိုအပ်ချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ္ဍာငွေများ သယ်ယူပို့ဆောင် ဖြည့်တင်းခြင်း လုပ်ငန်းများ၊ ပြည်တွင်းငွေလွှဲလုပ်ငန်းများ၊ အငြိမ်းစားဝန်ထမ်း ၁၆၆၇ ဦးသို့ လစဉ်ပင်စင်လစာ ထုတ်ပေးခြင်း လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ဘဏ်ခွဲအချင်းချင်း လုပ်ငန်းဆောင်ရွက်မှု လျင်မြန်စေရန်နှင့် ပြည်သူလူထုအား ဝန်ဆောင်မှု လျင်မြန်စွာ ပေးနိုင်ရန်အတွက် ဘဏ်ခွဲမှာ ADSL လိုင်းတပ်ဆင်ခြင်း၊ Fax သုံးလုံး၊ ကွန်ပျူတာ (၉) လုံးတို့ကို တပ်ဆင်ထားရှိပါကြောင်း၊ သရက်ခရိုင်ဘဏ်ခွဲသည် ဘဏ်ပိုင်အဆောက်အဦဖြစ်ပြီး ဧရိယာအကျယ်အဝန်းမှာ (အလျားပေ ၄၀ x အနံပေ ၄၉ ပေ) ဧကအားဖြင့် ဝ.၀၄၆ ဧကကျယ်ဝန်းပြီး (အလျားပေ ၄၀ x အနံပေ ၄၀) နှစ်ထပ်အဆောက်အဦကို ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ရာ သက်တမ်း ၅၆ နှစ်ရှိပြီး ဖြစ်သည့်အပြင် လူနေအဆောက်အဦကို ဝယ်ယူအသုံးပြုသည့်အတွက် အစိုးရဌာနရုံးပုံစံ မဟုတ်သည့်အပြင် လုပ်ငန်းဆောင်ရွက်ရာ၌ နေရာအလွန် ကျဉ်းမြောင်းလျက် ရှိပါသဖြင့် နိုင်ငံပိုင်ဘဏ်တစ်ခု ဖြစ်သော်လည်း ခေတ်နှင့်လျော်ညီမှုမရှိခြင်း၊ ခရိုင်ဘဏ်အင်္ဂါရပ်နှင့် မညီညွတ်ခြင်း၊ ဘဏ်နှင့်ဆက်သွယ်သော မိဘပြည်သူ Customer များ၊ ပင်စင်စားကြီးများ ဘဏ်သို့ လာရောက်စဉ် နားနေရန်အတွက် များစွာအခက်အခဲရှိနေခြင်းတို့ကြောင့် ဘဏ်အဆောက်အဦ သစ်တစ်ခု ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။